ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဘာတွေလိုအပ်မလဲ

– ထူးချစ် (FED)
မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအကြား ထိုင်း-မြန်မာ ဆက်ဆံရေးကို စနစ်တကျ လုပ်ဆောင်မှုများ အားနည်းနေသည်ကို တွေ့ရပါသည်။
တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် ဆက်ဆံရေးများ ရှိခဲ့သော်လည်း ရေရှည်တည်တံ့သော “လှုပ်ရှားမှု” သဏ္ဌာန်ဖြင့် စနစ်တကျ ဆက်ဆံရေး တည်ဆောက်ခဲ့ခြင်းများ မတွေ့ရသေးပါ။
ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆွေးနွေးပွဲနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ရာတွင် မိမိတို့၏ အဖွဲ့အစည်း အတွေ့အကြုံများအပေါ် အခြေခံ၍ ထိုင်း-မြန်မာဆက်ဆံရေးကို မည်သို့ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပါသည်။
အဓိက စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
ထိုင်း-မြန်မာ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်လိုပါက မြန်မာများအနေဖြင့် ထိုင်းဘာသာစကားကို မဖြစ်မနေ သင်ယူရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာပြီး ထိုင်းယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်လည်း အရေးကြီးပါသည်။
“ထိုင်းဘာသာစကားသည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ရှင်သန်ရပ်တည်ရေး ဘာသာစကား ဖြစ်သည်” ဟူသည့် အမြင်ကို လက်ခံကျင့်သုံးရန် ယုံကြည်စွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။ နှစ်ဖက် သမိုင်းကြောင်းဆိုင်ရာ ကွဲလွဲမှု နားလည်ယုံကြည်မှုများ ကို မပြောဆိုဘဲ ပူးပေါင်းဆောင်ရွက်မှုများ စတင်သင့်သော်လည်း၊ မြန်မာလူ့အဖွဲ့အစည်းအချို့ (အထူးသဖြင့် မိမိတို့ မျိုးဆက်နှင့် ယခုမျိုးဆက်အချို့) သည် ထိုင်းနိုင်ငံအပေါ် အထင်သေးသော အမြင်များ ရှိနေဆဲဖြစ်သည်။
ထိုင်းဘာသာစကား မသင်လိုခြင်းနှင့် ထိုင်းနိုင်ငံ/ထိုင်းလူမျိုးများကို “ယိုးဒယားတွေ/ ‘ယ’ တွေ” ဟု မသင့်လျော်စွာ ခေါ်ဝေါ်သုံးနှုန်းနေခြင်းများလည်း တွေ့ရဆဲဖြစ်ပါသည်။
စစ်တမ်းတစ်ခု ကောက်ခံကြည့်ပါက မြန်မာအများစုသည် ထိုင်းဘာသာစကားထက် အင်္ဂလိပ်ဘာသာစကားကို ပိုမိုသင်ယူလိုကြသည်ကို ရှင်းလင်းစွာ တွေ့ရပါလိမ့်မည်။ ထို့ကြောင့် မိမိတို့လူမျိုးများကို ဦးစွာ ပညာပေးရန် လိုအပ်ပါသည်။
ဒေသခံထိုင်းလူမျိုးများနှင့် အစိုးရတာဝန်ရှိသူများနှင့် ကောင်းမွန်စွာ ဆက်ဆံပြောဆိုနိုင်ရန်နှင့် မိမိတို့၏ အခက်အခဲများကို ရှင်းပြနိုင်ရန်အတွက် ထိုင်းဘာသာစကားကို မဖြစ်မနေ သင်ယူရန် အရေးကြီးသည်ဟု ယုံကြည်ပါသည်။ ထိုင်းဘာသာစကားသည် ထိုင်းနိုင်ငံအတွင်း ရုန်းကန်လှုပ်ရှားရမည့် မိမိတို့၏ ဘာသာစကား ဖြစ်ပါသည်။
ပြည်သူအချင်းချင်း ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေး စွမ်းအား
ထိုင်း-မြန်မာ ဆက်ဆံရေးဟု ဆိုရာတွင် အစိုးရခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများအချင်းချင်း ဆက်ဆံရေးထက် People to People (အခြေခံလူထုအချင်းချင်း ဆက်ဆံရေး) ကိုပါ အလေးထား ဆောင်ရွက်သင့်ပါသည်။ ဤဆက်ဆံရေးကို ရေတို “စီမံချက်များ” အဖြစ်သာ မဟုတ်ဘဲ ရေရှည်တည်တံ့ခိုင်မြဲသော “လှုပ်ရှားမှု” အဖြစ် တစ်စိုက်မတ်မတ် စနစ်တကျ ဆောင်ရွက်သင့်သည်။
အတိတ်မှ အတွေ့အကြုံနှင့် သင်ခန်းစာ (ဆူနာမီဖြစ်ရပ်)
၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ဆူနာမီဘေးအပြီးတွင် ထိုင်းတောင်ပိုင်း၊ အထူးသဖြင့် ဖန်ငခရိုင်၊ ခေါင်းလတ်ဒေသ၌ မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာ သေကြေ၊ဒဏ်ရာရခဲ့ ကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ ဆူနာမီဖြစ်ပြီး ရက်သတ္တပတ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၂,၅ဝဝ ကျော် မြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည်။
အဆိုပါ ကြေကွဲဖွယ်ရာများကို ဒေသခံထိုင်းလူမျိုးများ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ၎င်းတို့က မြန်မာရွှေ့ပြောင်းလုပ်သားများအား ရော်ဘာခြံများ၊ ဆီအုန်းခြံများအတွင်း ယာယီနေထိုင်ခွင့်ပေးခဲ့ကြသည်။
ဒေသခံ ထိုင်းဆူနာမီဒုက္ခသည်များအတွက် လာရောက်လှူဒါန်းသည့် အစားအသောက်၊ အဝတ်အထည်များကိုပင် မျှဝေပေးခဲ့ကြသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဒုက္ခကို စာနာနားလည်ကာ အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြသည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါသည်။
မိမိတို့ကျောင်း စတင်ဖွင့်လှစ်ခဲ့စဉ်ကလည်း ဒေသခံထိုင်းလူမျိုးများသည် ကလေးများအား မုန့်များ၊ ကျောင်းသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည့်အပြင်၊ ၁၈ နှစ်မပြည့်သေးသည့် ရွှေ့ပြောင်းလုပ်သားများ၏ သား/သမီးများကို ကျောင်းသို့ လာရောက်အပ်နှံပေးခြင်းများပင် လုပ်ဆောင်ခဲ့ကြသည်။
ဒေသခံအများစုနှင့် အာဏာပိုင်များ၏ ထောက်ခံမှုကြောင့် ရွှေ့ပြောင်းကလေးများအတွက် လေ့လာရေးစင်တာ ၉ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အချို့ကျောင်းမြေများကိုပင် ဒေသခံလုပ်ငန်းရှင်များက အခမဲ့ ကူညီပေးခဲ့ကြသည်။ ယခုဆိုလျှင် ရွှေ့ပြောင်းအလုပ်သမားကလေးငယ်များအတွက် လေ့လာရေးစင်တာများ ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ရှိပြီဖြစ်သည်။
ထိုင်းမိတ်ဆွေများအား ကျေးဇူးတင်ခြင်းနှင့် အသိအမှတ်ပြုခြင်း
မိမိတို့အနေဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေးအတွက် တက်ကြွစွာ ကူညီဆောင်ရွက်ပေးခဲ့ကြသော ထိုင်းလူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများအား လေးစား၊ အသိအမှတ်ပြု ကျေးဇူးတင်သည့် ယဉ်ကျေးမှုကို ထွန်းကားအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။
အာဂျန် ဆူလတ် စီဝါရတ်ဆာ (Ajarn Sulak Sivaraksa)၊ မစ္စတာ ခရိုင်ဆတ် ချွန်ဟာဗန် (Mr. Kraisak Choonhavan)၊ မစ္စတာ ဆွန်ချိုင်း ဟွန်းလော (Mr. Somchai Homlaor) နှင့် မစ္စ ချလီဒါ တာဂျရွန်ဆွတ် (Ms. Chalida Tajaroensuk) ကဲ့သို့သော ပုဂ္ဂိုလ်များကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုရန် ပျက်ကွက်ခဲ့ခြင်း (ပိုဆိုးသည်မှာ ဒီမိုကရေစီအစိုးရလက်ထက်တွင်ပင် အသိအမှတ်မပြုခံခဲ့ရခြင်း) သည် သတိပြုသင့်သော အားနည်းချက်တစ်ခုဖြစ်သည်။
အနာဂတ်တွင် ထိုင်း-မြန်မာဆက်ဆံရေးကို ယုံကြည်စွာ ဆောင်ရွက်လိုပါက အဆိုပါ ဖြစ်ရပ်မျိုးများ ထပ်မံမဖြစ်ပွားစေရန် မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် သတိထား ဆောင်ရွက်ရမည်ဖြစ်သည်။
“မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုဆိုင်ရာ လမ်းညွှန်ချက်များ”
People-to-People ဆက်ဆံရေးကို ဦးစားပေးခြင်း
ထိုင်း-မြန်မာ နယ်စပ်သည် ကီလိုမီတာ ၂,၄ဝဝ ခန့် ရှည်လျားပြီး (၆) သန်းကျော်သော မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြသည်။ ၎င်းတို့သည် ဒေသခံထိုင်းလူမျိုးများ၊ လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေကြရပါသည်။
ထို့ကြောင့် နှစ်ဖက်လူ့အဖွဲ့အစည်းများအတွက် အပြန်အလှန် အကျိုးပြုနိုင်မည့် စနစ်တကျ ထိုင်း-မြန်မာ ဆက်ဆံရေး အဖွဲ့အစည်း ပေါ်ပေါက်လာရန် လိုအပ်ပါသည်။
စီမံချက်များမှ လှုပ်ရှားမှုအဖြစ် ပြောင်းလဲခြင်း
ထိုင်း-မြန်မာ ဆက်ဆံရေးကို ရေတိုစီမံချက်များ (Projects) အဖြစ်သာ မဟုတ်ဘဲ၊ ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် “လှုပ်ရှားမှု” (Movement) အဖြစ် တစ်စိုက်မတ်မတ် စနစ်တကျ ဆောင်ရွက်သင့်သည်။ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံအစိုးရအဆက်အဆက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်နေသည့် အကြောင်းအရာများကို အတတ်နိုင်ဆုံး ပူးပေါင်းအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင် တတ်နိုင်သည့်ဘက်မှ စနစ်တကျနှင့် နည်းမှန်လမ်းမှန် ပါဝင်ကူညီသင့်ပါသည်။
ဥပမာအားဖြင့်-
– လူကုန်ကူးမှု ပပျောက်ရေး
– ကလေးလုပ်သားအသုံးပြုမှု လျှော့ချပပျောက်ရေး
– မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချပပျောက်ရေး
– သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (အနည်းဆုံး အမှိုက်ကောက်ခြင်း/သစ်ပင်စိုက်ခြင်း)
– ထိုင်းအစားအစာနှင့် ထိုင်းရိုးရာလက်ဝှေ့ (မွေထိုင်) အားကစား တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး စသည့် အခြေခံကျသည့် လုပ်ငန်းငယ်များကစ၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများတွင်လည်း တတ်နိုင်သည့်ဘက်မှ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်သင့်ပါသည်။
ဥပမာအားဖြင့်၊ ၂ဝ၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်၊ ယခင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈ဝ ပြည့် မွေးနေ့ဖြစ်သည်။
မြန်မာအများစု လေးစားယုံကြည် တန်ဖိုးထားသည့် ခေါင်းဆောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင်း မြို့နယ် (၈ဝ) တွင် အမှိုက်ကောက်ခြင်းနှင့် အပင်စိုက်ခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ပါက ထိုင်း-မြန်မာဆက်ဆံရေးအတွက် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
သို့သော်လည်း၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူဟု ဆိုသူများ၊ ထိုင်း-မြန်မာဆက်ဆံရေးကို စိတ်ဝင်စားသည်ဟု ပြောဆိုနေကြသော်လည်း လူ့အဖွဲ့အစည်းနှစ်ခုကြား အကောင်းမြင်၊ ထိရောက်မည့် လှုပ်ရှားမှုများ လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။
အနည်းဆုံး မဲဆောက်မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာ ၈ဝ ခန့်တွင် အမှိုက်ကောက်ခြင်းနှင့် သစ်ပင်စိုက်ခြင်း လှုပ်ရှားမှုများ ပြုလုပ်သင့်ကြောင်း မဲဆောက်အခြေစိုက် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို အကြိမ်ကြိမ် ပြောခဲ့ဖူးပါသည်။
အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံရေး ပေါ်ထွန်းရေး
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အကြမ်းအားဖြင့် ကီလိုမီတာ ၂,၄ဝဝ ခန့် ရှည်လျားသော နယ်စပ်မျဉ်းကို ထိစပ်နေပြီး၊ တောတောင်၊ ပင်လယ်၊ မြစ်ချောင်းများမှတစ်ဆင့် တရားဝင်၊ တရားမဝင် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဖြတ်ကျော်နေကြပါသည်။
ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား(၆)သန်းကျော်သည် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြပြီး၊ ၎င်းတို့သည် ဒေသခံ ထိုင်းလူမျိုးများ၊ လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများနှင့် နေ့စဉ်နီးပါး ဆက်ဆံနေကြရပါသည်။
ထို့ကြောင့်၊ နှစ်ဖက်လူ့အဖွဲ့အစည်းများအတွက် အပြန်အလှန် အကျိုးပြုနိုင်မည့် စနစ်တကျ ထိုင်း-မြန်မာ ဆက်ဆံရေး အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရန် အထူးလိုအပ်နေပါသည်။
– ဆောင်းပါးရှင် ထူးချစ်သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်ရှိ ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED ၏အမှုဆောင်ဒါရိုက်တာဖြစ်သည်။

Similar Posts