Site icon Migrant Times

ရနောင်းခရိုင်မှာ မြန်မာ ၁၅ ဦး အဖမ်းခံရ

ရနောင်းခရိုင်မှာ မြန်မာ ၁၅ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၂၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်က နှစ်နေရာမှာ တရားမဝင်မြန်မာလုပ်သား ၁၁ ဦးနဲ့ သက်တမ်းကုန်ဆုံးနေတဲ့ ပတ်စပို့စာအုပ်နဲ့ တခြားခရိုင်ကို သွားဖို့ ကြိုးစားတဲ့ မြန်မာလုပ်သား ၃ ဦး၊ ကလေးတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
  • ဒီဇင်ဘာလ ၂၀ ရက်က ရနောင်းခရိုင်အခြေစိုက်စစ်တပ်စစ်ဆေးရေးဂိတ်က တပ်သားတွေနဲ့ ဒေသရဲစခန်းက ရဲတွေပူးပေါင်းပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေနဲ့ သက်တမ်းကုန် ပတ်စပို့စာအုပ်နဲ့ မြန်မာလုပ်သားတွေကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ အမှတ် – ၂၅ ခြေမြန်တပ်ရင်း ထိုင်းစစ်တပ်သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
  • ဖမ်းဆီးခံရသူတွေထဲက မြန်မာလုပ်သား ၁၁ ဦးဟာ မြန်မာပွဲစားတွေကို ပွဲစားခပေးပြီး သဘာဝလမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဦးတည်ရာကို သွားဖို့ကြိုးစားရင်း ရနောင်းခရိုင်၊ ကရာ့ဘူရီမြို့၊ နန်းကျေ့ကျေးရွာမှာ ထိုင်းရဲနဲ့ စစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။ သူတို့ကို ခေါ်ဆောင်လာပေးတဲ့ ကားသမားပွဲစားတွေ၊ ဆိုင်ကယ်နဲ့လာတဲ့ လမ်းပြလို့ယူဆရသူတစ်ဦးက​​ေတာ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
  • နောက်မြန်မာ ၃ ဦးနဲ့ ကလေးဖြစ်သူကိုတော့နန်းကျေ့နွိုင့်ကျေးရွာက ထိုင်းစစ်တပ်ဂိတ်တစ်ခုက အထောက်အထားစစ်ဆေးမှုပြုလုပ်ရာကနေ သက်တမ်းကုန်ဆုံးတဲ့ ပတ်စပို့စာအုပ်ကိုင်ဆောင်ပြီး နယ်ကျော်တယ်၊ ခရီးသွားလာတယ်လို့ ဆိုကာ အဲဒီဂိတ်က စစ်သားတွေ ဖမ်းဆီးခဲ့ပါတယ်။
  • သူတို့အားလုံးကို ကရာ့ဘူရီမြို့မရဲစခန်းမှာ လောလောဆယ် ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့ ထိုင်းကားသမားတွေကိုလည်း ဆက်လက် စုံစမ်းဖမ်းဆီးမယ်လို့ သိရပါတယ်။

Exit mobile version