စက်ရုံပိတ်သိမ်းခဲ့လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ အလုပ်သစ်ရဖို့ခက်ခဲနေ
ဒီဇင်ဘာ ၂၆ ရက်၊ Migrant Times
- စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေအနေနဲ့ နောက်အလုပ်တစ်ခုရရှိဖို့ ခက်ခက်ခဲခဲရှာနေကြရတယ်လို့ ကာယကံရှင်လုပ်သားတွေက ပြောပါတယ်။ဒီနှစ်ထဲမှာ ရွှေပြည်သာမြို့နယ်တစ်ခုတည်းကပဲ စက်ရုံ လေးခုထက်မနည်းပိတ်သိမ်းခဲ့ရာအလုပ်သမားထောင်နှင့်ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။အဲဒီအလုပ်သမားတွေဟာ နောက်အလုပ်တစ်ခုရဖို့ လနဲ့ချီရှာဖွေကြရပြီး လက်ရှိအချိန်အထိအလုပ်မရသေးသူအများအပြားရှိနေတယ်လို့ သူတို့က ဆိုပါတယ်။
- “အလုပ်ရှာတဲ့သူကများပြီးခေါ်တဲ့ ရုံကနည်းနေတာ။အစုလိုက်၊ အပြုံလိုက် အလုပ်လက်မဲ့ဖြစ်တော့အလုပ်သမားအသစ်ခေါ်တဲ့ရုံဆီသွားစုပြုံလျှောက်နေရတဲ့ အခြေအနေမျိုးဖြစ်နေတာ”လို့ လက်ရှိအချိန်အထိအလုပ်မရသေးသူတစ်ဦးက ပြောပါတယ်။အဲဒီလိုအလုပ်အသစ်လျှောက်တဲ့အခါမှာ အသက်(၃၀)နဲ့အထက် အမျိုးသမီးတွေကို အကြောင်းမဲ့ငြင်းပယ်ခံရတာမျိုးတွေရှိနေတယ်လို့လည်း သိရပါတယ်။”တချို့တွေက ပထမရုံမှာလုပ်သက်ကကြာပြီ။ နောက်ရုံအသစ်က သူတို့ဆရာကခေါ်တော့လက်ရှိရုံကနေထွက်ကြတယ်။ ရုံအသစ်မှာဘယ်လောက်မှ မလုပ်ရသေးဘူး။ စက်ရုံကပိတ်သွားတယ်။အဲဒီလိုနဲ့ ဟိုလွတ်၊ဒီလွတ်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်။ လုပ်သက်ရင့်ပေမယ့်အသက်အရွယ်ကြီးတော့ နောက်ရုံတွေကမခေါ်ချင်ကြတော့ဘူး”လို့ အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
- အဲဒီလို စက်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်နေသူတွေဟာ ပိတ်သိမ်းတဲ့စက်ရုံဆီက နစ်နာကြေးအပြည့်အဝမရခဲ့တာကြောင့် အလုပ်သစ်မရခင်စပ်ကြားမှာ စား၊ဝတ်နေရေးကြပ်တည်းမှုတွေရှိနေကြတယ်လို့လည်း သိရပါတယ်။လက်ရှိ ပိတ်သိမ်းတဲ့စက်ရုံတွေက အလုပ်သမားတွေကို လျော်ကြေးပေးဖို့ပြောင်ပြောင် တင်းတင်းငြင်းဆန်နေပြီး သက်ဆိုင်ရာထိရောက်စွာဖြေရှင်းဆောင်ရွက်မှုအားနည်းနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
(လှိုင်သာယာမြို့နယ်ရှိ အလုပ်ရုံတွေမှာ လုပ်ကိုင်ရာကနေ ပြန်လာကြတဲ့ လုပ်သားတွေကို ၂၀၂၀က တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)