ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့
ဒီဇင်ဘာ ၃၀ ရက် ၊ Migrant Times
- ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဦး နှင့် ကလေးငယ် ၉ ဦး ကို ဒီကနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကတစ်ဆင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ ကလေးမ၃ ဦး ကလေးကျား ၆ဦး အမျိုးသမီး ၆၀ ဦးနဲ့ အမျိုးသား ၁၄၀ ဦး ပါဝင်ပါတယ်။
- ကော့သောင်းမြို့ကိုရောက်လာတဲ့ အဲဒီမြန်မာလုပ်သားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အလုပ်သမားသံအရာရှိ ရနောင်းတာဝန်ခံ ဦးတင်အောင် ကလည်း မြန်မာနိုင်ငံမှာ ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင် ပြုလုပ်ပေးနေတာဖြစ်တာကြောင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့လာရောက်ပါက တရားဝင်နည်းလမ်းနဲ့ လာရောက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ဒီလထဲမှာ ထိုင်းနိုင်ငံ ရနောင်းအချုပ်ကနေ ကော့သောင်းမြို့ကို မြန်မာရွှေ့ပြောင်းလုပ်သား ၃၈၇ ဦးကို ပြန်ပို့ပေးတာလို့လည်း သိရပါတယ်။
ဓာတ်ပုံ- Migrant Times