AAC ကို လတ်တလော အကူအညီတောင်းခံလို့ မရသေး
ဇန်နဝါရီ ၄ ရက်၊ Migrant Times
- ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC (မဟာမိတ်) အဖွဲ့သားတွေ သာသနာ့ဘောင်ဝင်ဖို့ရှိနေတာကြောင့် လတ်တလောကာလမှာ အလုပ်သမားရေး ကူညီတဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားမယ်လို့ အဖွဲ့ ဒါရိုက်တာ ဉီးခိုင်ကြီးက ပြောပါတယ်။နှစ်သစ်ကူး ကုသိုလ်အဖြစ် AAC အဖွဲ့သားတွေက ဇန်နဝါရီလ ၃ ရက်ကနေ ဇန်နဝါရီလ ၁၄ ရက်အထိ ရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်းနဲ့ တရားစခန်းဝင်ခြင်းတွေ ပြုလုပ်မှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ ရုံးပိတ်ထားမှာဖြစ်သလို ဆောင်ရွက်လက်စ အလုပ်သမားအမှုတွေကိုလည်း ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။AAC အဖွဲ့သားဖြစ်သူ ကိုနေလင်းသူက “ ကျွန်တော်တို့ နှစ်ကူးမှာ ခဏနားတဲ့သဘောပါပဲ။ တစ်နှစ်လုံးနားရက်မရှိ အရေးကြီးရင် ကြီးသလို အလုပ်လုပ်ခဲ့တာဆိုတော့ အဖွဲ့သားတွေကို အနားပေးတာရော ကုသိုလ်လုပ်တာရောပေါ့ ” လို့ပြောပါတယ်။