CI စခန်းတွေပိတ်ထားလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲကြီးနိုင်ဟုဆို

CI စခန်းတွေပိတ်ထားလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲကြီးနိုင်ဟုဆို
- ထိုင်းမှာ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အထောက်အထားအဖြစ် CI စာအုပ် ပြုလုပ်ပေးတဲ့ စခန်းတွေပိတ်ထားခြင်းဟာ ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် အခက်အခဲကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့ ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီသူတွေဆီက သိရပါတယ်။လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးထားပြီး CI စာအုပ်ပြုလုပ်ကြဖို့ သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာ CI လုပ်ပေးတဲ့ စခန်းတွေပိတ်ထားတာကြောင့် တစ်လအတွင်းမှာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ပြီးဆုံးအောင်လုပ်နိုင်ဖို့က မသေချာဘူးလို့ Helping Hand General Services ရဲ့ Managing Director ကိုသားကြီးက ပြောပါတယ်။
- သူက “ အလုပ်သမားတွေက ပိုက်ဆံတွေ ကုန်ကျခံပြီး ဘတ်ရိုက်တာတွေ ဘာတွေလုပ်ထားပြီ။ ပွဲစားတွေကို ပိုက်ဆံတွေပေးထားပြီ။ ဒီလိုလုပ်ထားပြီးတော့မှ CI စခန်းက ရုတ်တရက် ပိတ်လိုက်တယ်။ ဘယ်တော့ဖွင့်မှာလဲလည်း မသေချာဘူး။ နောက်ဆုံးကျတော့ ထိုင်းထဲက မြန်မာတွေပဲ ဒုက္ခရောက်ကြမှာပဲ ” လို့ဆိုပါတယ်။CI စခန်းတွေကို ဒီဇင်ဘာလ ၂၉ ရက်က နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ပိတ်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။ဒါ့အပြင် ပြည်တွင်းမှာလည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ရုံးတွေ ပိတ်တဲ့သတင်းတွေကြောင့် CI စခန်းပြန်မဖွင့်မှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်။

