စိတ်ကြွမူးယစ်ဆေး အလုံးရေ ၃၀,၀၀၀ သယ်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းစစ်သားတွေဖမ်းမိ
ဇန်နဝါရီ ၂၃ ရက်၊ Migrant Times
- စိတ်ကြွဆေး (ရာဘ) အလုံး ၃၀,၀၀၀ ကို ငါးခြောက်အိတ်နဲ့ထည့်ပြီး လိုင်းကားနဲ့သယ်ဆောင်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ရနောင်းခရိုင်အခြေစိုက်၊ ထိုင်းစစ်သားတွေက စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဇန်နဝါရီလ ၁၈ ရက်က မြန်မာအမျိုးသားတစ်ဦးဟာ စိတ်ကြွဆေး အထုတ်ရေ ၁၅ ထုတ်၊ စုစုပေါင်း အလုံး ၃၀,၀၀၀ ကို ငါးခြောက်အိတ်တွေနဲ့ ရောထည့်လာပြီး ဦးတည်ရာကိုသွားပို့ရင်း ရနောင်းလမ်းမှာရှိတဲ့ စိလာစရတ်စစ်ဆေးရေးဂိတ်က ထိုင်းစစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။
- ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသားရဲ့အမည်မှာ အသက် ၂၄ နှစ်အရွယ် မောင်ဇော်မင်းထွေးလို့ သိရပြီး မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဘက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ မောင်ဆန်းဦးကတစ်ဆင့် မူးယစ်ဆေးပို့ဆောင်ရေးအလုပ်ကမ်းလှမ်းမှုကိုရရှိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီမူးယစ်ဆေးတွေဟာ ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် ဝင်ရောက်ခဲ့ပြီး မောင်ဇော်မင်းထွေးက စူရတ်ဌာနီခရိုင်၊ ထာ့ချန်မြို့နယ် ဆီအုန်းစက်ရုံမှာ သွားပို့ဆောင်ပေးရမယ်လို့ သိရပါတယ်။
- အဲဒီပို့ဆောင်ပေးတဲ့အတွက်လည်း သူရဲ့သူငယ်ချင်းဖြစ်သူက လုပ်အားခနဲ့ ဘတ် နှစ်သောင်းပေးတယ်လို့ အာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။အဖမ်းခံရတဲ့ မူးယစ်ဆေးဝါးပို့ဆောင်သူ မောင်ဇော်မင်းထွေး ပါ့ကျန်မြို့ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ဆက်စပ်မှုရှိသူတွေနဲ့ ပါဝင်ပတ်သက်မှုရှိသူတွေကို တိုးချဲ့ဖမ်းဆီးမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။