မလေးရှားနိုင်ငံထဲ ၀င်ဖို့စောင့်နေတဲ့ တရားမ၀င်မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်း-မလေးနယ်စပ်မှာ ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၂၅ ရက်၊ Migrant Times
- မလေးရှားနိုင်ငံထဲကို ၀င်ဖို့ကြိုးပမ်းခဲ့တဲ့ တရားမ၀င်မြန်မာလုပ်သား ၁၀၁ ဦးနဲ့ ထိုင်းကားသမားနှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။မြန်မာပြည်နယ်စပ်နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်ကတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ပြီး မလေးရှားကို ဝင်ဖို့ မလေးရှားနယ်စပ်နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ၊ စုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့၊ အုပ်စု ၂၊ ထုံးသာဆောင်တိုက်နယ်ကျေးရွာမှာ စောင့်ဆိုင်းနေရင်း ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ဆယ်ဘီးကားနဲ့လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ကျား ၈၂ ဦး၊ မ ၁၉ ဦး၊ စုစုပေါင်း ၁၀၁ ဦးနဲ့ ထိုင်းကားသမားနှစ်ဦးကို အဲဒီခရိုင်အာဏာပိုင်တွေကဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းဒေသသတင်းဌာနမှာ ဖော်ပြထားပါတယ်။
- အဆိုပါ အလုပ်သမားတွေဟာ ဘယ်ဒေသက လာကြပြီး ပွဲစားကြေး ဘယ်လောက်ပေးလာရသလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။အခုလို တရားမဝင်လုပ်သား အုပ်စုလိုက် တစ်ပြိုင်နက် သယ်ပို့တာကို ပထမဆုံး ဖမ်းဆီးမိတာလို့ အာဏာပိုင်တွေက မှတ်ချက်ပြုပါတယ်။ဒီအမှုနဲ့ ဆက်စပ်မှုရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးမှာဖြစ်ပြီး လက်ရှိဖမ်းခံရသူအားလုံးကိုလည်း ထိုင်းတရားဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ ဆိုပါတယ်။