ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်လို့ ခွဲစိတ်ကုသနေရ
မတ် ၈ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးဟာ ကိုယ့်လက်ကောက်ဝတ်သွေးကြောကို ကိုယ်တိုင်ဓားနဲ့လှီးဖြတ်ပြီးနောက် ခွဲစိတ်ကုသခံနေရတယ်လို့ အဲဒီနိုင်ငံရှိမြန်မာလုပ်သားအရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။အင်ချွန်းမြို့ စက်ရုံတစ်ခုက မြန်မာလုပ်သားဟာ မတ်လ ၇ ရက်က အလုပ်မဆင်းဘဲ အဆောင်နေအိပ်ခန်းမှာကျန်နေခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်ကပြန်လာမှ လက်ကောက်ဝတ်သွေးကြော လှီးဖြတ်ထားပြီး သွေးအိုင်ထဲလဲနေတာ တွေ့ကြရတာလို့ ဆိုပါတယ်။သူ့ကိုအချိန်မီဆေးရုံကိုပို့လိုက်နိုင်လို့အသက်မသေဆုံးပေမယ့် ခွဲစိတ်ကုသမှုတွေလုပ်ခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က ဆိုပါတယ်။
- အဲဒီအလုပ်သမားဟာ တောင်ကိုရီးယားကိုရောက်နေတာ ၄နှစ်လောက်ရှိပြီဖြစ်ကာ မကြာခင်က ဇာတိဖြစ်တဲ့ စစ်ကိုင်းကို ပြန်ခဲ့သေးတယ်လို့သိရပါတယ်။အဲဒီလိုပြန်သွားပြီးတဲ့နောက်မှာ မြေပြင်အဖြစ်အပျက်တွေကိုကြည့်ပြီး စိတ်ထိခိုက်နေခဲ့ကာ အိပ်မပျော်တဲ့အခြေအနေမျိုးတွေဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတချို့ဟာ လုပ်ငန်းခွင်ဖိအားနဲ့မိသားစုအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပြီး မကြာခင်ရက်ပိုင်းကလည်း မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။