မလေးရှားကို မြန်မာလုပ်သား ပို့တဲ့ ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ
မတ် ၉ ရက်၊ Migrant Times
- မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ပို့ဆောင်နေတဲ့ ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။အသက် ၅၃နှစ်အရွယ် Che Mai လို့ခေါ်တဲ့အမျိုးသမီးကို မတ်လ ၇ ရက်က နွန်ထဘူရီခရိုင်က နေအိမ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလဝကရဲတပ်ဖွဲ့ ရဲမှူးကြီးတစ်ဦးက ပြောပါတယ်။Che Mai ဟာ စကဲ့ဝိုခရိုင်က ပို့ဆောင်ရေးကုမ္ပဏီ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီက ကမ္ဘောဒီးယားနယ်စပ်ကတစ်ဆင့် ထိုင်းကို ကုန်ပစ္စည်းနဲ့ ခရီးသည်ကို ပို့ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
- ကိုဗစ်ကပ်ရောဂါပြန့်ပွားလာတာကြောင့် နယ်စပ်ဂိတ်တွေပိတ်သွားချိန်မှာ ကုမ္ပဏီမှာ ထိခိုက်နစ်နာမှု ကြုံခဲ့ရလို့အလုပ်သမား တရားမဝင် ပို့ဆောင်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။မြန်မာအလုပ်သမားတွေကို ပရာကျွတ်ခီရီခန်ခရိုင်ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ပို့ဆောင်ပြီး အဲဒီကတစ်ဆင့် မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်ပေးတာလို့ ဆိုပါတယ်။တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား တစ်ဦးကို လမ်းစရိတ်၊ စားသောက်စရိတ်အပါအဝင် ဘတ် ၁၇၅၀၀ ကောက်ခံတယ်လို့ သိရပါတယ်။
- မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ရာမှာ Che Mai သာ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်း-မလေးရှားနယ်စပ်က ပွဲစားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။Che Mai ဟာ အလုပ်သမား မှောင်ခိုပို့ဆောင်ပေးမှု အနည်းဆုံး ခုနစ်ကြိမ် ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ၊ စွန်ခရာ၊ ပတ်တနီနှင့် ရာလခရိုင်တွေမှာ တရားမဝင် အလုပ်သမား ပို့ဆောင် ပေးမှု၊နေရာထိုင်ခင်းစီစဉ်ပေးမှုနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ဝင် ၁၃ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။
- သူတို့အနက် Che Mai နဲ့ နီးစပ်သူ နှစ်ဦးအပါအဝင် တချို့ကို ဖမ်းဆီးရမိပြီးပြီလို့လည်း သိရပါတယ်။ရဲတပ်ဖွဲ့တွေက Che Mai ရဲ့ ဘဏ်အကောင့်တွေကို စစ်ဆေးရာမှာ လွန်ခဲ့တဲ့ ၆ လအတွင်း ဘတ် ၂၁ သန်းအထိ လည်ပတ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ကူညီဆောင်ရွက်ပေးမှုနဲ့ နေရာထိုင်ခင်း ထောက်ပံ့ပေးမှုတွေနဲ့ Che Mai ကို တရားစွဲဆိုထားပါတယ်။