စက်ရုံတွေမှာ နေ့စားအလုပ်သမားခန့်တာတွေပိုများလာ
မတ် ၂၄ ရက်၊ Migrant Times
- စက်ရုံလုပ်ငန်းတွေမှာ လခစားထက် နေ့စားဝန်ထမ်းခန့်ထားမှုတွေပိုများလာတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။စက်ရုံတွေအနေနဲ့ လုပ်ခလစာ ပေးရတာသက်သာဖို့နဲ့ ဥပဒေပါအတိုင်းပေးရမယ့်အလုပ်သမားအခွင့်အရေးတွေကို ရှောင်လွှဲနိုင်ဖို့အတွက် နေ့စားအလုပ်သမားတွေကိုသာ ပိုပြီးအသုံးပြုလာကြတာလို့ သူတို့က ဆိုပါတယ်။”လခစားအမြဲတမ်းဝန်ထမ်းဆိုရင် ရုံးပိတ်ရက်တွေအတွက် လုပ်အားခခံစားခွင့်ရှိတယ်။နေ့စားတွေကျတော့အဲဒီလို အခွင့်အရေးမရှိဘူး။နောက်ဆုံးအလုပ်ထုတ်ရင်တောင် ဥပဒေပါရပိုင်ခွင့်တွေမရနိုင်တာမျိုးတွေရှိတယ်”လို့ အထည်ချုပ်စက်ရုံအလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
- အဲဒါကြောင့် စက်ရုံတချို့ဟာ လခစားဝန်ထမ်းတွေကိုအကြောင်းအမျိုးမျိုးနဲ့အလုပ်ထုတ်ပြီး နေ့စားဝန်ထမ်းတွေနဲ့အစားထိုးတာမျိုးတွေလုပ်လာတာရှိတယ်လို့လည်း လုပ်သားတွေကဆိုပါတယ်။”အလုပ်သမားခေါ်ရင် နေ့စားလုပ်နိုင်မယ့်သူတွေက အလုပ်ရဖို့အခွင့်အရေးပိုများတယ်။စက်ရုံတော်တော်များများမှာနေ့စားသမားတွေကတစ်ဝက်လောက်ရှိတယ်”လို့ ရွှေပြည်သာစက်မှုဇုန်မှအလုပ်သမားတစ်ဦးကပြောပါတယ်။နေ့စားအလုပ်သမားတွေဟာများသောအားဖြင့်တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ထက်မပိုတဲ့လုပ်အားခသာရရှိနေကြပြီး လုံလောက်မှုမရှိပေမယ့်အလုပ်အကိုင်ရှားပါးတာကြောင့် စိတ်မပါဘဲလုပ်နေကြရတာလို့ဆိုပါတယ်။လက်ရှိမှာ စက်ရုံတချို့ပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဦးရေတိုးပွားနေပြီး အလုပ်ပြန်ရဖို့ခက်ခဲမူတွေရှိနေတယ်လို့လည်းသူတို့ကဆိုပါတယ်။