ဂျပန်နိုင်ငံသွားဖို့ ဗီဇာလျှောက်သူတွေထဲ ကာလရှည်နေထိုင်ခွင့်ကို မမှန်မကန်လျှောက်တာတွေရှိနေ
ဧပြီ ၆ ရက်၊ Migrant Times
- ဂျပန်နိုင်ငံကို သွားဖို့ ဗီဇာလျှောက်ထားသူတွေထဲမှာ ကာလရှည်နေထိုင်ခွင့်ကတ်(COE)ကို မမှန်မကန်ပြုလုပ်ထားတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံရှိဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။အဲဒီလို ဗီဇာလာရောက်လျှောက်ထားသူတွေအကြား လိုအပ်တဲ့ စာရွက်စာတမ်း မပြည့်စုံတဲ့ကိစ္စရပ်တွေများပြားလာပြီး အထူးသဖြင့် ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးလျက်ရှိတဲ့ ကာလရှည်နေထိုင်ခွင့်ကတ် (COE) များ မှန်ကန်မှုမရှိကြောင်းကို ဗီဇာလျှောက်ထားချိန်မှာစစ်ဆေးတွေ့ရှိရတဲ့သာဓက အများအပြား ပေါ်ပေါက်လျက်ရှိတယ်လို့ဆိုပါတယ်။အဲဒီလို မမှန်ကန်တဲ့နည်းလမ်းတွေကို ဘာသာစကားသင်တန်းကျောင်းတွေနဲ့ပွဲစားတွေက လုပ်ဆောင်နေတာကို စိတ်မကောင်းဖွယ်တွေ့ရှိရပြီး သံရုံးအနေနဲ့ စစ်မှန်တဲ့ စာရွက်စာတမ်းအသုံးပြုထားခြင်းမရှိသူတွေကို ဗီဇာထုတ်ပေးမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
- အဲဒါကြောင့် ဂျပန်နိုင်ငံကိုသွားရောက်မယ့်သူတွေအနေနဲ့ ဗီဇာလျှောက်ထားတဲ့အခါမှာ မသမာသူတွေကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး အထူးသတိပြုပေးဖို့ တိုက်တွန်းကြောင်း ဂျပန်သံရုံးက ဆိုပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘာသာစကားသင်တန်းကျောင်း တက်ရောက်မယ်ဆိုရင် ယုံကြည်ရလောက်တဲ့ ကျောင်းဟုတ်၊ မဟုတ်ကို သေချာ စုံစမ်းလေ့လာပြီးမှ ကျောင်းအပ်ဖို့၊ COE လျှောက်တဲ့အခါမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပွဲစားထံ အပ်နှံခြင်း မပြုဘဲ မိမိကိုယ်တိုင် ပြင်ဆင်ဆောင်ရွက်ဖို့၊ ဒါမှမဟုတ် မိမိကိုယ်တိုင် သေချာစွာ စစ်ဆေးအတည်ပြုဖို့ကိုလည်းအကြံပြုထားပါတယ်။ဗီဇာလျှောက်ထားခြင်းကို ကိုယ်စားလှယ်နဲ့အပ်နှံတဲ့အခါ မိမိအမည်ပါရှိသော COE မူရင်းကို မဖြစ်မနေ သေချာစွာ စစ်ဆေးအတည်ပြုဖို့၊
- ဗီဇာလျှောက်ထားခြင်းဆောင်ရွက်ရာမှာ မသမာသော ဘာသာစကားသင်တန်းကျောင်းတွေပွဲစားတွေကြောင့် နစ်နာဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရင်အဲဒီ ဘာသာစကားသင်တန်းကျောင်းနဲ့ ပွဲစားတွေရဲ့သတင်းအချက်အလက်တွေနဲ့အတူ သံရုံးမှာဆွေးနွေးတိုင်ပင်နိုင်တယ်လို့လည်းဆိုပါတယ်။အမှန်တကယ် နစ်နာဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသူတွေအနေနဲ့ အဲဒီသတင်းအချက်အလက်တွေကို သံရုံးထံ မျှဝေပေးစေလိုတယ်လို့လည်း ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။ဂျပန်သင်တန်းကျောင်းတချို့နဲ့ ပွဲစားတွေရဲ့ COE အချက်အလက် အမှားတွေနဲ့ဗီဇာလျှောက်ထားမှုတွေဟာမကြာခဏဖြစ်နေတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့ကဆိုပါတယ်။
- “ဂျပန် အလုပ်အကိုင်လောက အလိမ်အညာတွေလည်းတအားများတာ။တော်ရုံမသိနားမလည်သူတွေ အလိမ်ခံနေရတာအများကြီး”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ဒါ့အပြင် ဂျပန်ဘာသာသင်တန်းကျောင်းတချို့အနေနဲ့ အေဂျင်စီလိုင်စင်မရှိဘဲ အလုပ်သမားစေလွှတ်ဖို့လုပ်တာ၊ ဂျပန်ကိုပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်တာတွေလည်းမကြာခဏဖြစ်နေတယ်လို့ အေဂျင်စီတွေထံကသိရပါတယ်။