ILOရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများရယူ
ဧပြီ ၂၁ ရက်၊ Migrant Times
- မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ဆုံပြီး လိုအပ်တဲ့သက်သေအချက်အလက်တွေရယူသွားတယ်လို့ အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူတချို့ထံက သိရပါတယ်။မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မူတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ILOက စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ကဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ကလိုအပ်တဲ့စစ်ဆေးမူတွေလုပ်နေတာဖြစ်ပါတယ်။
- “သူတို့(စုံစမ်းစစ်ဆေးရေးကော်မရှင်)ဘက်က သိချင်တာတွေမေးတယ်။ကျွန်တော်တို့သိထားတာတွေပြောဖြစ်တယ်”လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် MICS-TUsFနဲ့သာမကဘဲ တခြားအလုပ်သမားအဖွဲ့တွေနဲ့ပါတွေ့ဆုံခဲ့ပြီး ဘယ်တုန်းက တွေ့ဖြစ်တယ်နဲ့ ဘာတွေ မေးမြန်းသွားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ မသိရသေးပေ။အဲဒီကော်မရှင်ဟာ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ အဓမ္မစေခိုင်းမှုနဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မှုတွေအပေါ်တွေ့ရှိချက်အစီရင်ခံစာကို လာမယ့်မေလမှာပြုလုပ်မယ့် ILOညီလာခံမှာ တင်သွင်းရမှာဖြစ်ပါတယ်။
- အစီရင်ခံစာပါအချက်တွေပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ်အပြစ်ပေးအရေးယူမှုတွေရှိလာမှာဖြစ်ပြီး အဲဒီအခြေအနေကို စောင့်ကြည့်သွားရမယ်လို့ အလုပ်သမားခေါင်းဆောင်တွေကဆိုပါတယ်။”သိပ်အများကြီးတော့မမျှော်လင့်ထားဘူး။ကျွန်တော်တို့အမြင်အရတော့ILOက စစ်တပ်နဲ့ အရင်ကတည်းက ပတ်သက်ဆက်စပ်မှုတွေရှိခဲ့တဲ့သာဓကတွေရှိခဲ့တာကြောင့်ပါ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။မြန်မာနိုင်ငံမှာ နှစ်နှစ်တာကာလအတွင်း အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တွေဖမ်းဆီးခံရတာ၊ တချို့ဝရမ်းထုတ်ခံထားရတာ၊အလုပ်သမားသမဂ္ဂတွေဖျက်သိမ်းခံရတာတွေရှိခဲ့တယ်ဆိုပြီးဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် စက်ရုံတချို့မှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကိုအကြောင်းမဲ့အလုပ်ကထုတ်ပယ်တာ၊နောက်စက်ရုံတွေကပါ အဲဒီအလုပ်သမားတွေလက်မခံတာမျိုးတွေအထိကြုံတွေ့နေကြရတယ်လို့အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။
ဓာတ်ပုံ- ပြည်တွင်းစက်မှုဇုန်တစ်ခုရှိ စက်ရုံလုပ်သားများကို တွေ့ရစဥ်။