သခွားသီးတင်ကားနဲ့ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ
ဧပြီ ၂၃ ရက်၊ Migrant Times
- ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စုပေါင်းစစ်ရေးဂိတ်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဧပြီလ ၂၂ ရက်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဟွေ့ဟင်ဖွန် စုပေါင်းစစ်ရေးဂိတ် တာဝန်ရှိသူတွေက သခွားသီးတင်ဆောင်လာတဲ့ ကားကိုစစ်ဆေးရာ ကားထဲမှာ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
- ဖမ်းဆီးရမိသူ ၁၃ ဦးအနက် ၁၂ ဦးဟာ ဧပြီလ ၂၂ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်က ဖြတ်သန်းလာပြီး တံတားကူးလက်မှတ်ပြုလုပ်လာခဲ့တာလို့ သိရပါတယ်။အဲဒီမြန်မာ ၁၂ ဦး၊ သူတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားလို့ ယူဆသူတစ်ဦးနဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ် (တံတားကူးလက်မှတ်) မရှိသူ ၁ ဦးကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။