ထိုင်းနိုင်ငံရှိ တရားဝင်နှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာနှိမ်ချခံရခြင်းနှင့် ဥပဒေရေးရာမလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံး တာဝန်ရှိသူများကပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီ၊ ကျော့စမွီဟိုတယ်တွင် ဇွန်လ ၁၁ ရက်နေ့၌ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကဦးဆောင်ပြီး ရွှေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသော အလုပ်သမားအခွင့်အရေးပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ms. Supatra Nakapiew နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးဒါရိုက်တာ Mr. Panupan Somsakul တို့က လက်ရှိစိန်ခေါ်မှုများကို တင်ပြခဲ့သည်။
၎င်းတို့က ထိုင်းရှိ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နေကြသူများသည် အကာအကွယ် မလုံလောက်မှု၊ လုပ်ခလစာနှိမ်ချမှု နှင့် ဥပဒေရေးရာ မလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု အလေးပေးပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကို အာရုံစိုက်ရန် “လူ့အခွင့်အရေးညီလာခံ ၂ဝ၂၅ တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ အလုပ်သမားအခွင့်အရေးကိစ္စများ – တောင်ပိုင်းဒေသ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကိုဆောင်ရွက်ပေးနေသည့်
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF)၊ ဝေါလ်ဒါဗီးရှင်း၊ ရက်ထိုင်းဖောင်ဒေးရှင်း၊ နှင့် မာရစ်အာရှတို့က တက်ရောက်ခဲ့ကြသည်။
“ကျတော်တို့က အလုပ်သမားတွေ မှတ်ပုံတင်ခြင်းအတွက် ကုန်ကျစရိတ်များပြားတာတွေ၊ တစ်ခါတစ်ရံ အကျင့်ပျက်ခြစားတဲ့ ပွဲစားတွေရဲ့ချယ်လှယ်ခြင်းခံရတာတွေ၊ အလုပ်ရှင်တွေရဲ့ချိုးဖောက်မှုတွေ၊ လူမှုဖူလုံရေး ရန်ပုံရယူပိုင်ခွင့်နည်းပါးတာတွေလည်းဆွေးနွေးဖြစ်တယ်။ ဗီဇာသက်တမ်းတိုးတဲ့ကိစ္စက ကြန့်ကြာနေတော့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးက မတည်မငြိမ်ဖြစ်နေတော့ ရွေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လောက်ထိ အခက်အခဲဖြစ်တယ် ဆိုတာတွေလည်း ဆွေးနွေးခဲ့တယ်” ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အလုပ်သမားရေးဌာန တာဝန်ရှိသူက Migrant Times ကိုပြောသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကသဘောတူစာချုပ်ကိုးခုအနက် ရှစ်ခုကို အတည်ပြုခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များ၏ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ထိုးရန် ကြန့်ကြာနေဆဲဖြစ်သည်။
အလုပ်ရုံးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများက အဆိုပါစာချုပ်ကို အတည်ပြုရန် အစိုးရအား တိုက်တွန်းခဲ့သည်။
တက်ရောက်လာခဲ့ကြသည့် ရွှေ့ပြောင်းအဖွဲ့အစည်းများက မှတ်ပုံတင်ခြင်းအတွက် ကုန်ကျစရိတ်များပြားခြင်းကြောင့် အလုပ်သမားများသည် စရိတ်များပြီး တစ်ခါတစ်ရံ အကျင့်ပျက်ခြစားသည့် ပွဲစားများထံသို့ ဦးတည်သွားရကြောင်း ထောက်ပြဆွေးနွေးကြသည်။
တရားဝင်အထောက်အထားမရှိခြင်းနှင့် ရွှေ့ပြောင်းသူကလေးများအတွက် မွေးစာရင်းမှတ်ပုံတင်ခြင်းမရှိခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက် အတားအဆီးများရှိကြောင်းပြောကြားကြသည်။
အလုပ်ရှင်ပြောင်းလဲပြီးနောက် ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးရယူခွင့်နည်းပါးခြင်း၊ ရွှေပြောင်းသူသင်ယူရေးစင်တာများ (MLCs) ပိတ်သိမ်းခံရပြီး ထိုင်းအာဏာပိုင်များထံမှ အသိအမှတ်ပြုမှုမရခြင်းကြောင့် ကလေးများ၏ ပညာသင်ကြားခွင့်အပေါ် ဆိုးရွားစွာ ထိခိုက်ခြင်းကိုတင်ပြကြသည်။
၎င်းပြင်ရွှေ့ပြောင်းအလုပ်သမားများက လွတ်လပ်စွာမှတ်ပုံတင်နိုင်ရန်၊ အမြတ်ထုတ်မှုများကို ဖယ်ရှားရန်နှင့် ဘာသာစကားပေါင်းစုံဖြင့် ဝန်ဆောင်မှုများပေးရန် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ခြင်း စသည့် အချက်အလက်များကို အကြံပြုကြသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသော အကြံပြုချက်များအားလုံးကို ထိုင်းနိုင်ငံ၏ တရားဝင်လူ့အခွင့်အရေးအစီရင်ခံစာတွင် စုစည်းပြီး ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် တင်ပြမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲမှ အချက်များအား သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ မလုပ်ဆောင်ပါက ထိုင်းနိုင်ငံတွင်းရှိ သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ဆက်လက် အန္တရာယ်ရှိနေမည်ဖြစ်ကြောင်း တက်ရောက်သည့် အဖွဲ့များက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို သတိပေးခဲ့သည်။
News/Photo – Migrant Times