ထိုင်းနိုင်ငံ၏ ငါးလုပ်ငန်းများတွင် နယ်စပ်တင်းမာမှုများကြောင့် နေရပ်ပြန်သွားကြသော ထောင်နှင့်ချီသော ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးရန်အတွက် ကျွမ်းကျင်သော မြန်မာလုပ်သားများကို ခေါ်ယူရန် ရှာဖွေနေကြောင်း ထိုင်းနေးရှင်းသတင်းကဖော်ပြသည်။
ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol ကငါးလုပ်ငန်းများတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁၄,၀၀၀ မှ ၁၅,၀၀၀ ခန့် တရားဝင် အလုပ်လုပ်ကိုင်နေကြကြောင်း ၊ထိုင်းနှင့် ကမ္ဘောဒီးယားအကြားပဋိပက္ခများအပြီးတွင် အလုပ်သမား ၄,၀၀၀ မှ ၅,၀၀၀ ခန့် နေရပ်သို့ ပြန်သွားကြကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။
ငါးလုပ်ငန်းတွင် လုပ်ကိုင်သည့် ကမ္ဘောဒီးယားနိုင်ငံသားများကို နားလည်မှုစာချွန်လွှာ (MOU) အလုပ်သမားနှင့် ၂၀၁၅ ခုနှစ်၊ ငါးလုပ်ငန်းဥပဒေပုဒ်မ ၈၃ အရ ခန့်ထားသောအလုပ်သမားများဖြင့်
အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားထားပြီး ပုဒ်မ ၈၃ အလုပ်သမားများ အများဆုံးပြန်သွားခြင်းဖြစ်ကြောင်း Mongkol ကဆိုသည်။
နေရပ်ပြန်သွားသော အလုပ်သမားများသည် လုပ်ခလစာ မရရှိ၍ ပြန်ခြင်းမဟုတ်ဘဲ အလုပ်ရှင်အများစုက အပိုဆုကြေးများ ပေးအပ်ခဲ့ကြသော်လည်း အခြားသော ဖိအားများကြောင့် နေရပ်သို့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
လုပ်သားရှားပါးမှုကို ဖြေရှင်းရန်အတွက် ထိုင်းငါးလုပ်ငန်းအဖွဲ့သည် အလုပ်သမားကာကွယ်ရေးဥပဒေပုဒ်မ ၁၄ အရ မြန်မာလုပ်သားများ ခေါ်ယူမှုကို အရှိန်မြှင့်ဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol က မြန်မာလုပ်သားများသည် ငါးဖမ်းလုပ်ငန်းတွင် ကျွမ်းကျင်ပြီးဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်လုပ်သားများကဲ့သို့ လေ့ကျင့်ပေးရန် မလိုအပ်ကြောင်း၊ အလုပ်သမားလိုအပ်ချက်ကို ချက်ချင်းဖြည့်ဆည်းရန် လုံလောက်သော အရေအတွက်ရှိကြောင်း ထိုင်းသတင်းကိုပြောကြားသည်။
Photo – The Nation