ထိုင်းမှာ ဘတ် မဖွင့်သေးပါ ငွေကြိုတောင်းသူများကို တိုင်ကြားနိုင်ကြောင်းထုတ်ပြန်

လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင်
စက်တင်ဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် အခြေခံလုပ်သားများအားထုတ်ပေးသည့် ဘတ်(ခေါ်)ပန်းရောင်းကတ်ပြုလုပ်ပေးမည့်ရက်အား တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် လက်ရှိတွင် မှတ်ပုံတင်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အလုပ်သမားများအနေဖြင့် တရားဝင် မှတ်ပုံတင်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းရင်း လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြရရန်နှင့်ဖွင့်လှစ်မည့်ရက်ကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဘတ်(ခေါ်)ပန်းရောင်းကတ်နှင့်ပတ်သက်ပြီး အလွန်အကျွံပွဲစားခ တောင်းခံခြင်း (သို့မဟုတ်) ကြိုတင်ငွေ ပေးဆောင်ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်း ထုတ်ပြန်သည်။
ထိုင်းအလုပ်ရှင်များအနေဖြင့် လုပ်သား အရေးတကြီး လိုအပ်ပါက အလုပ်သမားဝန်ကြီးဌာနသို့ ချက်ချင်းဆက်သွယ်နိုင်ပြီး နယ်စပ်ရှိ မြန်မာအလုပ်သမားများကို ခေါ်ယူအသုံးပြု၍ ပံ့ပိုးပေးနိုင်ကြောင်း၊အခြားနိုင်ငံများမှ အစားထိုးလုပ်သားများအတွက်မူ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။
အလုပ်သမားဝန်ကြီးဌာနသည် နယ်စပ်ပြဿနာများကြောင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန်၊ လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်စေရန်နှင့် လုပ်သားများကို အကာအကွယ်ပေးနိုင်ရန် မူဝါဒရှိကြောင်း အသိပေးသည်။
ဓာတ်ပုံ – Thailand MOL
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes