Site icon Migrant Times

မြန်မာအလုပ်သမား ၁၃ ဦးတင်ဆောင်လာတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ ယာဉ်တိမ်းမှောက်ပြီး ၂ ဦး သေဆုံး

မြန်မာအလုပ်သမား ၁၃ ဦးတင်ဆောင်လာတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ ယာဉ်တိမ်းမှောက်ပြီး ၂ ဦး သေဆုံး

နိုင် ၊ Migrant Times
  • တရားမဝင်မြန်မာအလုပ်သမားပို့ဆောင်ရေးကားလို့ယူဆရတဲ့ ယာဉ်တစ်စီးကို ထိုင်းနိုင်ငံ၊ နရာထိဝပ်ခရိုင်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာကနေ အလုပ်သမားကား လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက်ခဲ့ပြီး လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးထဲက ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်း​မြစ်ထံက သိရပါတယ်။ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာထိဝပ်ခရိုင်၊ ယီ‌ငေါ်မြို့နယ်၊ သပေါယော့ကျေးရွာရဲ့ ဗလီတစ်ခုရှေ့မှာ မြန်မာအလုပ်သမားတင်ဆောင်လာတဲ့ကားတစ်စီး လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ရာမှာ မြန်မာအလုပ်သမား ၂ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ နရာထိဝပ်‌ခရိုင်ဒေသသတင်းဌာနတွေက ဖော်ပြထားပါတယ်။
  • ကားတိမ်းမှောက်မှုရဲ့အကြောင်းရင်းမှာ အဆိုပါအလုပ်သမားကားတစ်စီးက ထိုင်းအာဏာပိုင်စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် အဲ့ဒီဂိတ် ရဲတပ်ဖွဲ့က ရဲကားနဲ့ လိုက်တိုက်ဖမ်းဆီးမှုပြုလုပ်ရာကနေ တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြုပါတယ်။Migrant Times ကမြို့မဆေးရုံတာဝန်ရှိသူတစ်ဦးထံ မေးမြန်းရာမှာ “ကားမှောက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေက ဒီဆေးရုံမှာ ဆေးကုသမှုခံယူဖို့ သူတို့တွေကို အရေးပေါ်ကားနဲ့ ခေါ်ဆောင်လာပါတယ်။ နှစ်ယောက်တော့ ဆုံးသွားတယ်။ ကုသမှုခံရပြီးတာနဲ့ တာဝန်ရှိရဲတွေက စခန်းကို ခေါ်ဆောင်သွားတယ်”လို့ ​ပြောပါတယ်။
  • ဒေသရဲစခန်း အမှုပိုင်ရဲအရာရှိကို Migrant Times က ဆက်သွယ်မေးမြန်းရာမှာ ကားပေါ်လိုက်ပါလာသူ မြန်မာအလုပ်သမားအားလုံးဟာ တရားမဝင်လမ်းကြောင်းနဲ့ လာကြပြီး မလေးရှားနိုင်ငံကို ထိုင်းကတစ်ဆင့် ဝင်ရောက်ဖို့ကြိုးစားသူတွေဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကိုးကား၊ ဓာတ်ပုံ – ข่าวความจริง สามจังหวัดภาคใต้
Exit mobile version