Site icon Migrant Times

မလေးရှားတွင် မြန်မာအပါ နိုင်ငံခြားသား ၅ဝဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မေဒန်အင်ဘီရှိ စီးပွားရေးဧရိယာတစ်ခုတွင် စစ်ဆေးရေးပြုလုပ်ပြီးနောက် မြန်မာအပါအဝင် နိုင်ငံခြားသား ၅ဝ၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)မှထုတ်ပြန်သည်။

ဧပြီလ ၁၇ ရက်နေ့ညတွင် စစ်ဆေးရေးပြုလုပ်ကာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး၊ နီပေါနိုင်ငံသား ၁၄၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ဝ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၉ ဦးတို့ ပါဝင်သည်။

စစ်ဆေးရေးအတွင်း လူပေါင်း ၈၉၅ ဦးကို စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား ၇၄၉ ဦးနှင့် ပြည်တွင်းနေထိုင်သူ ၁၄၆ ဦး ပါဝင်ကြောင်း ဖော်ပြသည်။

စစ်ဆေးခဲ့သူများအနက်မှ နိုင်ငံခြားသား ၅ဝ၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် သံသယရှိသဖြင့် ဖမ်းဆီးခဲ့ပြီး အသက် ၂၅ နှစ်မှ ၆၅ နှစ်အကြား ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်စစ်ဆေးစဉ်အတွင်း အချို့နိုင်ငံခြားသားများသည် အခန်းများ၊ အိမ်သာများ၊ သိုလှောင်ခန်းများနှင့် အခြားနေရာများတွင် ပုန်းအောင်းကာ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းသိရသည်။

ချိုးဖောက်မှုများတွင် ကိုယ်ရေးအထောက်အထားမရှိခြင်း၊ ဗီဇာစည်းကမ်းချိုးဖောက်ခြင်း၊ ခွင့်ပြုကာလထက် ပိုနေထိုင်ခြင်း၊ အသိအမှတ်မပြုသည့် ကတ်ပြားကိုင်ဆောင်ထားခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုများ ပါဝင်ကြောင်း JIM မှထုတ်ပြန်သည်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)၏ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၁၆ ရက် အထိ ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ် ကာလအတွင်း လူပုဂ္ဂိုလ် ၅၂,၃၁၈ ဦးကို စစ်ဆေးခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများ (PATI) ကို ခန့်အပ်သော အလုပ်ရှင် ၄၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုကာလအတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၂,၄၈၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၁၃,၆၇၇ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနမှ တိုက်ရိုက်ဖမ်းဆီးခဲ့ပြီး ကျန် ၈,၈ဝ၉ ဦးကို အခြားအေဂျင်စီများမှ လွှဲပြောင်းပေးခဲ့သည်။

Photo – JIM
Ref – JIM / malaysiagazette

Exit mobile version