မဟာချိုင်ရှိ AAC ဂေဟာကို ထိုင်းအစိုးရ မေဒေးတွင် ဖျက်သိမ်း

AAC ဂေဟာတွင်းရှိ မသန်စွမ်း ဒုက္ခသည်များ မေလ ၄ ရက် နောက်ဆုံးထားပြောင်းရမည်
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင်ရှိသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ ရုံးကိုယနေ့မေလ ၁ ရက်နေ့ (အလုပ်သမားနေ့)တွင် ထိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ဖျက်သိမ်း ခဲ့ကြောင်း AAC- မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
“ဒီကနေ့ Mayday နေ့မှာ အခက်အခဲရှိလုပ်သားများ အခမဲ့ခိုလုံ အခမဲ့ကျွေးမွေးနေတဲ့ အဆောက်အဦးကို ထိုင်းအစိုးရကဥပဒေနဲ့ မညီဘူးအကြောင်းပြပြီး မြေပိုင်ရှင်ကို ဖိအားပေး အတင်းလာဖြိုနေကြတာကိုကြည့်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ” ဟုဦးခိုင်ကြီးက ပြောသည်။
AAC-ဂေဟာသည် ၁ဝ နှစ်ကျော်ကြာ အလုပ်သမားရေးအတွက် ဆောင်ရွက်ခဲ့ပြီး အလုပ်သမားများအားအခမဲ့ခိုလုံခွင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီမှုပေးနေသည့် AAC ရွှေ့ပြောင်း အလုပ်သမားများ ကယ်ဆယ်ရေးဂေဟာကို ဒေသခံထိုင်းအာဏာပိုင်များ မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ချိတ်ပိတ်ကြောင်းစာကပ်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည် ဧပြီလ ၂၂ ရက်နေ့တွင် ညနေ ၅ နာရီနောက်ဆုံးထားပြီး ဂေဟာအပြီး ပိတ်သိမ်းရန် ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများမှအမိန့်ထုတ်ပြန်ခဲ့သည်။
အမိန့်ထုတ်ပြန်ပြီးနောက်တွင် ရေဖြတ် မီးဖြတ်ကာ ယနေ့ မေလ ၁ ရက်နေ့ တွင် ထိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ဖျက်သိမ်း ခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအစိုးရတာဝန်ရှိသူများက AAC-ဂေဟာအား လာရောက်ဖျက်သိမ်းခဲ့ကြောင်း ဂေဟာအဖွဲ့ဝင်တစ်ဦးက Migrant Times ကိုအတည်ပြုသည်။
AAC ဂေဟာတွင် ခိုလှုံနေကြသူ ၁ဝဝ ဝန်းကျင်ရှိပြီးထိုင်းနိုင်ငံတွင် လုပ်ခလစာ မရရှိကြသူများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားပြီး နစ်နာကြေး မရရှိသူများ ၊အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြသာနာဖြစ်ပွားနေသူများ၊ MOU စနစ်ဖြင့်ရောက်ရှိပြီး အလုပ်မရပဲ နေထိုင်ဖို့ အခက်အခဲရှိသူများ နှင့် သက်ကြီရွယ်အိုများ နေထိုင်နေကြကြောင်း သိရသည်။
AAC ဂေဟာတွင်းရှိ မသန်စွမ်း ဒုက္ခသည်များအား မေလ ၄ ရက် နောက်ဆုံးထားပြောင်းရန်အတွက်ထိုင်းတာဝန်ရှိသူများကပြောကြားသွားကြောင်း AAC ဂေဟာအဖွဲ့ဝင်က Migrant Times ကို ယနေ့ ညနေပိုင်းတွင် ပြောကြားသည်။
Photo – Hla Khaing / AAC- ဂေဟာ / ပေးပို့