Site icon Migrant Times

တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၇၁ ဦးကို ထိုင်းနိုင်ငံ တောထဲတွင် ဖမ်းမိ

ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ပြီး မလေးရှားသွားမည့်သူများပါဝင်သည့် မြန်မာအလုပ်သမား ၇၁ ဦးကို ကန်ချနဘူရီခရိုင် တောထဲတွင် ဖမ်းမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့မှသိရသည်။

မြန်မာ အလုပ်သမား ၇၁ ဦးသည် မေလ ၆ ရက်နေ့နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောအစပ်တွင် ပုန်းအောင်းပြီး ကားသမားများ လာခေါ်ရန် စောင့်ဆိုင်းနေစဉ် ထိုင်းစုပေါင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်။

မြန်မာ အလုပ်သမား ၇၁ ဦးတွင် အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၃၉ ဦး ပါဝင်ပြီး မည်သည့် စာရွက်စာတမ်းမှ မပါရှိကြောင်း၊ ထိုင်းဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိသည့်အတွက် စန်ခရာဘူရီရဲစခန်းသို့ ထပ်မံစစ်ဆေးမေးမြန်းရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စကားပြန်မှတစ်ဆင့် မေးမြန်းချက်အရ ဌင်းတို့သည် ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်များ၊ တောင်ပိုင်းဒေသနှင့် မလေးရှားတို့တွင် အလုပ်လုပ်ရန် လာရောက်ကြကြောင်း၊ ပွဲစားများကို အကွာအဝေးပေါ်မူတည်၍ တစ်ဦးလျှင် ဘတ် ၁၈,ဝဝဝ မှ ၃၅,ဝဝဝထိ ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းသတင်းကရေးသားသည်။

မြန်မာ အလုပ်သမား ၇၁ ဦးကို စန်ခရာဘူရီရဲစခန်းမှ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြစ်သည့် နိုင်ငံခြားသားများ တရားမဝင်ဝင်ရောက်နေထိုင်ခြင်းဖြင့် တရားစွဲဆိုခဲ့ပြီး မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် ည ၁၁ နာရီခန့်ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂ဝ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Kanchanaburi News တွင် ဖော်ပြသည်။

သတင်း – Migrant Times

ကိုးကား၊ဓာတ်ပုံ – Naewna

Exit mobile version