Site icon Migrant Times

ကန်ချနာဘူရီတွင် ဆိုင်ကယ်နှင့်ကားတိုက်မိပြီး မြန်မာအမျိုးသမီး ၂ ဦး သေဆုံး

ထိုင်းတွင် နှစ်ရက်အတွင်း ဆိုင်ကယ်တိုက်မှုကြောင့် မြန်မာ ၄ ဦးသေဆုံး

မေ ၁၂ ၊ Migrant Times ။

ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ကန်ချနာဘူရီတွင် ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့ တိုက်မိရာ မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။

ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကန်ချနာဘူရီ၊ မကာခရိုင်၊ မောင်စီမောင်မြို့နယ်ခွဲရှိ ထိုင်းအစားအသောက် ကြက်သားစက်ရုံ အနီးတွင် မြန်မာအမျိုးသမီးသုံးဦးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့ တိုက်မိခဲ့ပြီးအသက် ၂၀ မှ ၃၀ ကြားရှိ မြန်မာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကို လမ်းဘေးတွင် တွေ့ရှိခဲ့ကာလက်ဖျံနှင့် ခြေထောက်များ ကျိုးပဲ့ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရကြောင်း ထိုင်းသတင်းကဖော်ပြသည်။

နောက်ထပ် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း လမ်းဘေးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ပြီး ခွန်ရတနာဝုဒ် ဖောင်ဒေးရှင်းမှ ဆေးရုံသို့ အရေးပေါ်ကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

လမ်းမအနီးတွင် အနက်ရောင် Yamaha မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကားခေါင်းပိုင်းပျက်စီးနေသည့်အနက်ရောင် Ford ပစ်ကပ်ကားတစ်စီးကို မလှမ်းမကမ်းတွင် ရပ်ထားသည်ကို တွေ့ရကြောင်း သတင်းကဆိုသည်။

ပစ်ကပ်ကား၏ ယာဉ်မောင်းက ကြံခင်းသို့ မောင်းနှင်စဉ် လမ်းပြောင်းပြန်မှလာသည့် လူသုံးဦး ပါသည့် မော်တော်ဆိုင်ကယ်ကို U-turn ကွေ့ရန် စောင့်ဆိုင်းနေသော အခြားယာဉ်တစ်စီးကပိတ်ထားသည့်အတွက် မမြင်ခဲ့ကြောင်း၊ ထို့နောက် မော်တော်ဆိုင်ကယ်နှင့် ပြင်းထန်စွာ တိုက်မိခဲ့ကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းတင်ထားပြီး ပစ်ကပ်ကား၏ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားကာ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့ ညနေပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွန်ထဘူရီတွင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ မြန်မာစုံတွဲတစ်တွဲမှောင်းနှင်နေသည့် ဆိုင်ကယ်အား ပစ်ကပ်ကားတစ်စီးက ဝင်တိုက်ခြင်းကြောင့် နှစ်ဦးစလုံးလမ်းပေါ်တွင် သေဆုံးခဲ့ကြောင်း ပက်ကရက်(Pak Kret)ရဲစခန်းမှ ထုတ်ပြန်ချက်ကိုကိုးကားကာ ထိုင်းသတင်းကဖော်ပြခဲ့သည်။

သတင်းများအရ ထိုင်းနိုင်ငံတွင် မေလ ၁ဝ ရက်နှင့် ၁၁ ရက် နှစ်ရက်တာအတွင်း ဆိုင်ကယ်အား ကားဝင် တိုက်မှုကြောင့် မြန်မာနိုင်ငံသား လေးဦးသေဆုံးခဲ့သည်။

News – Migrant Times

Ref/Photo – Thaiger

Exit mobile version