Site icon Migrant Times

မလေးရှားတွင် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ရှော့ပင်းမောလ်တစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦးကို မေလ ၁၇ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှသိရသည်။

ဝင်ရောက်စီးနင်းမှုအတွင်း နိုင်ငံခြားသားများသည် အိမ်သာများထဲ၌ ပုန်းအောင်းခြင်း၊ လှေကားအောက်များတွင် ပုန်းအောင်းခြင်းအပြင် ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား အများစုမှာ ကုန်တိုက်တွင် ပစ္စည်းဝယ်ရန် လာရောက် လည်ပတ်ခြင်းသာဖြစ်သည်ဟု ဆင်ခြေများ ပေးခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Jefri Embok Taha ကစုစုပေါင်း နိုင်ငံခြားသား ၁၄၃ ဦးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်မှုအမျိုးမျိုးဖြင့် ထိန်းသိမ်းခဲ့ကြောင်း ပြောကြားသည်။

၎င်း၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများတွင် အင်ဒိုနီးရှား (အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၂ ဦး)၊ ဘင်္ဂလားဒေ့ရှ် (အမျိုးသား ၂၆ ဦး)၊ ပါကစ္စတန် (အမျိုးသား ၃၂ ဦး)၊ အိန္ဒိယ (အမျိုးသား ၁၀ ဦး)၊ မြန်မာ (အမျိုးသား ၁၀ ဦး)၊ နီပေါ (အမျိုးသား ၃ ဦး)၊ ဆီးရီးယား (အမျိုးသား ၄ ဦး)၊ တရုတ် (အမျိုးသမီး ၁ ဦး) နဲ့ အာဖဂန်နစ္စတန် (အမျိုးသား ၁ ဦး) တို့ ပါဝင်သည်။

“ဖမ်းဆီးခံရသူ အားလုံးဟာ အသက် ၂၂ နှစ်ကနေ ၄၈ နှစ်ကြား ရှိကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

တွေ့ရှိရသော ပြစ်မှုများတွင် သက်သေခံ စာရွက်စာတမ်း မရှိခြင်း၊ သတ်မှတ်ကာလထက် ပိုနေထိုင်ခြင်းနှင့် လာရောက်လည်ပတ်ခွင့် ပတ်စ်များကို အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှသိရသည်။

News – Migrant Times

Ref/Photo – sinarharian

Exit mobile version