Site icon Migrant Times

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်တွင် မြန်မာသုံးဘီးယာဉ်ပေါ်မှ သေနတ်တုများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်သို့ပြန်လည် ဝင်ရောက်မည့်မြန်မာ သုံးဘီးယာဉ်ပေါ်မှ သေနတ်အတု(imitation firearms) ၂၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Maesai press သတင်းတွင် ယမန်နေ့(ဇွန်လ ၁)ဖော်ပြသည်။

မေလ ၃၁ ရက်၊ ညနေ ၆ နာရီခန့်၌ မယ်ဆိုင် အမှတ် ၁ နယ်စပ်ဂိတ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လိုင်စင်နံပါတ်ပါရှိသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှတွေ့ ရှိခဲ့ကြောင်း သိရသည်။

၎င်းသုံးဘီးဆိုင်ကယ်ကို တာချီလိတ်မြို့နယ်နေ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက မောင်းနှင်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှေ့ခန်းတွင် လိုက်ပါစီနင်းခဲ့သည်ဟု သိရသည်။

သုံးဘီးဆိုင်ကယ်နောက်ဘက်တွင် အဖြူရောင် ကောက်ရိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်အတွင်း၌ စက္ကူပုံးတစ်ပုံးတွင်းထည့်ထားသည့် သေနတ်အတု စုစုပေါင်း ၂၅ လက်ကို တွေ့ရှိခဲ့ကြောင်းသတင်းကဆိုသည်။

မြန်မာအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ်ဂိတ်ပိတ်ချိန် နီးကပ်လာချိန်၌ မောင်းနှင်လာစဉ် နယ်စပ်ဂိတ်မရောက်မီ မီတာ ၅၀၀ ခန့်အကွာရှိ မီးပွိုင့်တွင် အမျိုးသားတစ်ဦးက ကောက်ရိုးအိတ်ကို လာရောက်အပ်နှံပြီး ဘတ် ၄၀၀ ဖြင့် ပို့ဆောင်ခ ပေးချေခဲ့ကြောင်း၊ ၎င်းတို့သည် အချိန်မရှိ၍ အိတ်ကိုဖွင့်ဖောက်စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြောင်းနှင့် အိတ်အပ်နှံသူ အမျိုးသားသည် တာချီလိတ်ဘက်ခြမ်းတွင် စောင့်ဆိုင်းနေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လက်နက်အတုများသည် တရားမဝင်ပစ္စည်းများဖြစ်သဖြင့် အကောက်ခွန်ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မယ်ဆိုင်အကောက်ခွန်ဌာနက ထုတ်ပြန်သည်။

News – Migrant Times

Ref/Photo – Maesai press

Exit mobile version