ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူမီဖတ် မူအန်ချန်က ဇွန်လ ၁၅ ရက်နေ့တွင်ပြောကြားသည်။
ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များအနက် အလုပ်အကိုင် အမျိုးအစား ၃ ခုတွင်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁,၁၀၀ ကျော်ကို ဥပဒေအရ အရေးယူထားသည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများစွာကို ထိုင်းနိုင်ငံသားများအတွက် ဥပဒေအရ သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ငှားရမ်းထားသည်ဟု သတင်းများရရှိထားကြောင်းအလုပ်သမားဝန်ကြီးဌာနကဆိုသည်။
အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် အလုပ်ခန့်ထားခြင်းအား ပိုမိုပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးအစား (၁)လုံးဝတားမြစ်ထားသောအလုပ်အကိုင်များအောက်တွင်
နိုင်ငံခြားသားအလုပ်သမား ၄,၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး၄၁၇ ဦးကို တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဥပဒေအရ အရေးယူခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည်။
အများဆုံးပြစ်မှုများမှာ လမ်းဘေးဈေးသည်များအဖြစ် လုပ်ကိုင်ခြင်း၊ ထို့နောက် ဆံသသမား/အလှပြင်ဆရာများ၊ ထိုင်းရိုးရာနှိပ်နယ်သူများ၊ စာရေးများ၊ အတွင်းရေးမှူးများနှင့် ယာဉ်မောင်းများဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်အရ အမျိုးအစား (၃) ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နိုင်သောအလုပ်များအောက်ရှိ နိုင်ငံခြားသားအလုပ်သမား ၄,၇၂၀ ဦးကို စစ်ဆေးခဲ့ပြီး ၅၃ ဦးကို ဥပဒေအရ အရေးယူခဲ့သည်။
ပြစ်မှုများမှာ အုတ်စီသမား၊ လက်သမားနှင့် ဆောက်လုပ်ရေးပညာရှင်များအဖြစ် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်း၊ ထို့အပြင် လယ်သမား၊ ကျွဲနွားထိန်းသိမ်းသူများနှင့် တံငါသည်များအဖြစ် လုပ်ကိုင်ခြင်းတို့ဖြစ်သည်။
အမျိုးအစား (၄) ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နိုင်သောအလုပ်များအောက်ရှိ နိုင်ငံခြားသားအလုပ်သမား ၂၂,၄၁၄ ဦးကို စစ်ဆေးခဲ့ပြီး ၆၉၆ ဦးကို ဥပဒေအရ အရေးယူခဲ့သည်။
အမျိုးအစား (၄) အောက်တွင် အဖြစ်အများဆုံး ချိုးဖောက်မှုများမှာ ဆိုင်ရောင်းသူများနှင့် အလုပ်သမားများအဖြစ် လိုအပ်သောခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် (၂၇) မျိုးကိုသတ်မှတ်ထားပြီး စျေးရောင်းချခြင်း၊ ဆံပင်ညှပ်ဆိုင်ဖွင့်ခြင်း၊ ဧည့်လမ်းညွှန်၊ ခရီးသည်ကြိုပို့ ၊ စားသောက်ဆိုင်ဖွင့်ခြင်းစသည့် လုပ်ငန်းများပါဝင်သည်။
News – Migrant Times
Ref – The Nation
ဓာတ်ပုံ – โจโฉ – ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ လုပ်ငန်းတစ်ခုတွင် စစ်ဆေးရေးပြုလုပ်နေစဉ်။(ပုံဟောင်း)