ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့(Highway Police)က ယနေ့(ဇွန်လ ၁၇) ထုတ် ပြန်သည်။
ချွန်ဖွန်ခရိုင်၊ ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့သည် ကင်းလှည့်အဖွဲ့နှင့်ပူးပေါင်းပြီး မြို့ရှောင်ကွင်းသည့် ကျေးလက်ကားလမ်းပေါ်တွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။
ကားနောက်ဖုံးကိုဖွင့်လိုက်သည့်အခါ မြန်မာနိုင်ငံသား ၂၆ ဦးကို ကားနောက်ဖုံး သေတ္တာပုံစံအတွင်းတွင်ပြည့်ကြပ်ကာ ခိုးယူသယ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။
ကားအတွင်းတွင် လေဝင်လေထွက်ပန်ကာတပ်ဆင်ထားသည်ကို တွေ့ရှိရပြီး တရားမဝင်လုပ်သားများ သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် တရားဝင်စာရွက်စာတမ်းများမရှိပဲ ၎င်းတို့အား ရာချ်ဘူရီပြည်နယ်မှ သခင်္လာခရိုင်၊ ရတ်ဖူမ်မြို့နယ်သို့ သယ်ယူပို့ဆောင်ရန်အတွက် ဘတ် ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ယာဉ်မောင်းကရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်။
မြန်မာနိုင်ငံသား ၂၆ ဦးနှင့် ယာဉ်မောင်းအား စွဲချက်တင်ပြီး ထိန်းသိမ်းခဲ့ကြောင်း ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
News- Migrant Times
Photo – highway1193