ဘန်ကောက်တွင် ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားအားလုံး ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်ဖြစ်ကြောင်း အမျိုးသားလုပ်ခကော်မတီက ဇွန်လ ၁၇ ရက်တွင် ပြောကြားသည်။
ထို့ပြင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ကို နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အများစုနှင့် ဖျော်ဖြေရေးနေရာများရှိ အလုပ်သမားများအတွက်လည်း ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဘန်ကောက်မြို့တော်နှင့် ပတ်ဝန်းကျင်ပြည်နယ်များတွင် အနိမ့်ဆုံးလုပ်ခသည် တစ်ရက်လျှင် ဘတ် ၃၇၂ သတ်မှတ်ထားသည်။
ထိုင်း၏ အခြားနေရာများတွင် အနိမ့်ဆုံးတစ်ရက်လုပ်ခသည် ပြည်နယ်အလိုက် ဘတ် ၃၃၇ မှ ၃၈၀ အထိရှိသည်။ ဘတ် ၄ဝဝ နှုန်းထားကို ဖူးခက်၊ ချွန်ဘူရီ၊ ရယောင်း၊ ချာချိုအန်ဆောင်းနှင့် ကော့စမွိုင်း ခရီးသွားကျွန်းတို့တွင်သာ ကျင့်သုံးထားသည်။
ထိုင်းလုပ်ခကော်မတီဥက္ကဌနှင့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့် မစ္စတာ ဘွန်းဆောင် ထပ်ချိုင်းရွတ်က နေ့စဉ်လုပ်ခ ဘတ် ၄ဝဝ ကို ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ်များနှင့် အထက်၊ အခန်း ၅ဝ ကျော်ရှိသော ဟိုတယ်များနှင့် စားသောက်ဆိုင်များအပါအဝင် ရွေးချယ်ထားသော လုပ်ငန်းများတွင် နိုင်ငံတစ်ဝန်း ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိပါက အဆိုပါ အဆိုပြုချက်သည် နိုင်ငံတစ်ဝန်းရှိ အလုပ်သမား ၇ဝဝ,ဝဝဝ ခန့်ကို အကျိုးပြုမည်ဟု မျှော်မှန်းရကြောင်း ထိုင်းသတင်းများကရေးသားသည်။
ဘတ် ၄ဝဝ နှုန်းထားအစီအစဉ်တွင် လုပ်ငန်းရှင်များ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် အလုပ်သမားဝန်ကြီးဌာနက စီးပွားရေးဘဏ် ၆ ခုနှင့် ကနဦး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘတ်ငွေ ဘီလီယံ ၃၀ ကို အတိုးနှုန်းသက်သာသော ချေးငွေများအဖြစ် ရရှိနိုင်စေရန် ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းရှင်များကို ကူညီရန် နောက်ထပ်အစီအမံများကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ထိုင်းလုပ်ခကော်မတီဥက္ကဌ မစ္စတာ ဘွန်းဆောင်က ပြောကြားသည်။
ထိုင်းတွင် လက်ရှိအုပ်ချုပ်နေသော ဖေွထိုင်းပါတီသည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ရာတွင် ပြည်နယ်အားလုံးတွင် ဘတ် ၄၀၀ အနိမ့်ဆုံးလုပ်ခ ပေးမည်ဟု ကတိပြုခဲ့ပြီး ၂ဝ၂၇ ခုနှစ်တွင် ဘတ် ၆ဝဝ အထိ တိုးမြှင့်မည်ဟု ကတိပြုထားသည်။
ထိုင်အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မေလအထိစာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာ
အထွေထွေလုပ်သား ၄,၃၀၀ ဦး ၊ MOU အခြေပြု ခေါ်ယူမှု၂၅၀,၀၀၀ ဦး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ၉၉၀ ဦး၊ တိုင်းရင်းသားလူနည်းစု ၄,၈၀၀ ဦး၊ မှတ်ပုံတင်မထား/ပုံမှန်မဟုတ်သော အခြေအနေရှိသူ ၈၉၀,၀၀၀ ဦးနှင့် ရာသီအလိုက် ရွှေ့ပြောင်းလုပ်သား ၅,၆၀၀ ဦးရှိသည်။
Ref/Photo – Bangkok Post / The Nation