Site icon Migrant Times

မဲဆောက်မြို့တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကိုဖမ်းဆီး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကိုဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနမှထုတ်ပြန်သည်။
ယမန်နေ့ ၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးတာဝန်ရှိသူများနှင့် ဒေသတွင်း လုံခြုံရေးအဖွဲ့များပူးပေါင်းကာ ၎င်းတို့တာဝန်ယူရသော နယ်မြေကို စစ်ဆေးခဲ့ပြီး သုံးဘီးဆိုင်ကယ်မောင်းနှင်သည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသားများကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး နေထိုင်ခြင်း ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ (သို့မဟုတ်) လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အမျိုးအစားထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဖြစ်ခြင်း (ပုဒ်မ ၈) ဟူသော စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကဆိုသည်။
သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို မဲဆောက်မြို့နယ် ဧရိယာအတွင်းရှိ အများပြည်သူသုံးလမ်းမပေါ်တွင် ဖမ်းဆီးခဲ့ပြီး မဲဆောက်မြို့နယ် ရဲစခန်းသို့ ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းထားကြောင်း သိရသည်။
မဲဆောက်မြို့နယ်တွင် E-Bike များဖမ်းဆီးခြင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအား ဖမ်းဆီးနေခြင်းကြောင့် ကလေးငယ်များကို ကျောင်းသို့ပို့ဆောင်နိုင်ခြင်းမရှိကြောင်း မဲဆောက်မြို့နေ မြန်မာအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။
Photo – Tak Immigration
Migrant Times 
Exit mobile version