မဲဆောက်မြို့တွင် ထိုင်းများ၏အလုပ်များ လုပ်ကိုင်သည့် မြန်မာများကို အရေးယူခဲ့ဟုဆို

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား များနှင့် ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကိုစစ်ဆေး အရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနက ဇွန်လ ၂ဝ ရက်နေ့တွင်ထုတ်ပြန်သည်။

မဲဆောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားရှာဖွေရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် မဲဆောက်မြို့ရှိ ဈေးကြီးနှင့် အခြားနေရာများတွင် ခရီးသည်ပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းများ လုပ်ကိုင်နေသည့် မြန်မာလူမျိုး သုံးဘီးဆိုင်ကယ်မောင်းသူများကို ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟုဖော်ပြထားသည်။

ဒေသခံပြည်သူများက လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်များကို လုယူလုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းဖမ်းဆီးပေးရန် တောင်းဆိုပြီးနောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ဆေးရေးတာဝန်ရှိသူများက မှန်ကန်သော အလုပ်လုပ်ကိုင်ခွင့်ပါမစ်များနှင့် လူဝင်မှုကြီးကြပ်ရေးပါမစ်များကို စစ်ဆေးခြင်းအပေါ် အဓိကထားခဲ့ကြောင်း ပြေကြားသည်။

မဲဆောက်မြို့နယ်ရှိ နိုင်ငံခြားသားအားလုံးကို မဲဆောက်မြို့နယ် စေတနာ့ဝန်ထမ်းတပ်ခွဲတွင် စုရုံးစေကာ ၎င်းတို့၏ ဝင်ရောက်မှုစာရွက်စာတမ်းများနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်များကို စစ်ဆေးခဲ့ပြီးစာရွက်စာတမ်းမပြနိုင်သူ အများအပြားကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

သို့သော် အချို့မှာ သက်သေခံကတ်ပြားများနှင့် နိုင်ငံခြားသားအလုပ်သမား ၄ မျိုးအတွက် သက်သေခံကတ်ပြားများကဲ့သို့ မှန်ကန်သော စာရွက်စာတမ်းများ ရှိကြကြောင်းသိရသည်။

ထိုင်းသတင်းများ၏ ဖော်ပြချက်အရ မြန်မာလူမျိုးအများအပြားက ထိုင်းတို့၏ အလုပ်အကိုင်များကို လာရောက်လုယူခြင်းအပေါ် မကျေနပ်ကြရုံသာမက မြန်မာအချို့မှာ မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဒေသခံပြည်သူများအတွက် ပြဿနာများ ဖန်တီးပေးနေသည်ကိုလည်း တွေ့ရှိရကြောင်း ရေးသားကြသည်။

မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနအဆိုအရ မြန်မာလူမျိုးများ ဖွင့်လှစ်ထားသော ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကိုစစ်ဆေးခဲ့ပြီး ၎င်းတို့အနက် အလုပ်အကိုင်များစွာသည် ထိုင်းလူမျိုးများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်များ ဖြစ်သည်ဟုဆိုသည်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနထုတ်ပြန်ချက်အရ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

မဲဆောက်မြို့နယ်တွင် E-Bike များဖမ်းဆီးခြင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအား ဖမ်းဆီးနေခြင်းကြောင့် ကလေးငယ်များကို ကျောင်းသို့ပို့ဆောင်နိုင်ခြင်းမရှိကြောင်း မဲဆောက်မြို့နေ မြန်မာအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

Photo – Tak Immigration

Similar Posts