ထိုင်းနိုင်ငံ၊ဖူးခက်မြို့၊ပါခွတ်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅ ဦးအား စက်ရုံမှ လုပ်ခလစာ ၄ဝ ရက်စာရှင်းပေးခြင်းမရှိသည့်အပေါ် ပြန်လည်ရရှိအောင် ကူညီပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် PJ စာအုပ် ၊ CI စာအုပ် NAME LIST စာရွက်ကိုင်ဆောင်ထားသူများဖြစ်ပြီး ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ (၁) နှစ်ခန့်ရှိပြီဖြစ်သည်။
စက်ရုံသူဌေးမှ မြန်မာအလုပ်သမားများ၏ ၄ဝ ရက်စာ လုပ်ခလစာ စုစုပေါင်း ဘတ်ငွေ ၂၆ဝ,ဝဝဝ ဝန်းကျင်ကို မရှင်းပေးသည့်မပြင် သက်တမ်းတိုးခ တစ်ဦးလျှင် ဘတ်ငွေ ၁၅,ဝဝဝ စီကောက်ခံခဲ့ပြီးစာရွက်စာတန်းများကို ပေးခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။
၎င်းတို့၏လုပ်အားခနှင့် စာရွက်စာတန်းကိစ္စကို လာရောက်ကူညီဖြေရှင်းဖို့ ကူညီတောင်းခံမှုကြောင့်WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED တာဝန်ရှိသူတို့က ဇွန်လ ၂ဝ ရက်နေ့တွင် သွားရောက်ခဲ့ကြကြောင်းသိရသည်။
FED အဖွဲ့နှင့် WAG အဖွဲ့သားများက ဖူးခက်မြို့ရှိ အလုပ်သမားများနှင့်အတူ ဇွန်လ ၂ဝ ရက်နေ့တွင်မြို့နယ် သက်ဆိုင်ရာရုံးအသီးသီး၌ သွားရောက်တိုင်ကြားပေးခဲ့ရာ စက်ရုံသူဌေးဘက်မှ အလုပ်သမားများ၏ လုပ်အားခများနှင့်စာရွက်စာတမ်းများကို ပြန်လည်ပေးဆောင်ခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် စာရွက်စာတမ်းများ ရရှိရေးအတွက် မြန်မာအလုပ်သမားများနှင့်စက်ရုံ သူဌေးတို့သည့် လာမည့် ဇွန်လ ၂၇ ရက်နေတွင် ဆက်လက် ညှိနှိုင်းဆွေးနွေးရန် ကျဟာငန် အလုပ်သမားရုံးမှ ရက်ချိန်းပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။