ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၁ ဦး ကန်ချနာဘူရီတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ကန်ချနာဘူရီ၊ ထောင်းဖာဖုမ်ဒေသတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ နိုင်ငံသား ၄၁ ဦးကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်တွင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သယ်ဆောင်မည့်ကားတစ်စီး ဝင်ရောက်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက သတင်းကြိုရပြီး သာခနွန့်ကျေးရွာအုပ်စု၊ အမှတ် ၄ ရွာရှိ ဝပ်ယူလုံးဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းခဲ့ကြသည်။

ယင်းသို့စောင့်ဆိုင်းနေစဉ် ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်၌ အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးသည် ထောင်းဖာဖုမ်လမ်းဆုံကို ဖြတ်ကျော်၍ ထောင်းဖာဖုမ်အဝိုင်းပတ်သို့ အရှိန်ပြင်းစွာ မောင်းနှင်နေသည်ကို တွေ့ရှိခဲ့သည်။

စစ်ဆေးရေးအဖွဲ့က ရပ်တန့်ရန် တားသော်လည်း ကားသည် ဘန်ဆာအိုဟောင်လမ်းအတိုင်း ထွက်ပြေးခဲ့ပြီး ခဝိုင်နွဲ့မြစ်ဘက်သို့ အဆင်းတွင် ဗွက်နစ်နေသဖြင့် ဆက်လက်သွား၍မရတော့ပဲ မြန်မာလုပ်သားများအား ကားအတွင်းတွင် ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၁ ဦးနှင့် အသက် ၄၀ နှစ်အရွယ် ယာဉ်မောင်းတို့ကို ဖမ်းမိခဲ့ကြောင်း
သိရသည်။

မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဖားကန့်တို့မှဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် စံခလပူရီသို့ တောလမ်းမှတစ်ဆင့်ဝင်ရောက်ခဲ့ကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားသည်။

မြန်မာအမျိုးသား ၃၃ ဦးသည် ထိုင်းနိုင်ငံမှမလေးရှားနိုင်ငံသို့ ဆက်လက်သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၅၅,၀၀၀ ခန့် ပွဲစားများကိုပေးခဲ့ရကြောင်း၊ အမျိုးသမီး ၈ ဦးသည် ဘန်ကောက်သို့ သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ခန့် ပွဲစားများကိုပေးခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံသား ၄၁ ဦး နှင့်ယာဉ်မောင်းအား ဥပဒေအရ ဆောင်ရွက်ရန် ထောင်းဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။

Ref/Photo – amarintv

Similar Posts