မဲဆောက်တွင် မြန်မာ ၁ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို ဇွန်လ ၂၃ ရက်နေ့၊ နံနက်တွင်ဖမ်းမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။
ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးမှူးများသည် မြန်မာနိုင်ငံသား အသက် ၂၅ နှစ်အရွယ် တစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို မဲဆောက်မြို့နယ်၊ အင်သရာခီရီလမ်းမပေါ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အလားတူ ဇွန်လ ၂၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ အသက် ၄၃ နှစ်အရွယ်ထိုင်းနိုင်ငံသားကို နေအိမ်တွင်လာရောက်တည်းခိုသည့် မြန်မာနိုင်ငံသားတစ်ဦးအား ၂၄ နာရီအတွင်း လူဝင်မှုကြီးကြပ်ရေးရုံး သို့သတင်းပေးပို့ခဲ့ခြင်းမရှိသည့်အတွက် အရေးယူရန် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်သည်။
မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား များနှင့် ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကိုစစ်ဆေး အရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနကလည်း ဇွန်လ ၂ဝ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနထုတ်ပြန်ချက်အရ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
မဲဆောက်မြို့နယ်တွင် E-Bike များဖမ်းဆီးခြင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအား ဖမ်းဆီးနေခြင်းများအပြင် စျေးဆိုင်များပါ စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် သတိထားနေထိုင်သွားလာကြရန်မဲဆောက်မြို့နေ မြန်မာအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။
Photo – Tak Immigration

Similar Posts