ချင်းမိုင်တွင် အလုပ်‌ပြောင်း စာရင်းမတင်သည့် မြန်မာ ၂ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် အလုပ်အမျိုးအစား စာရင်းတင်ပို့ရန် ပျက်ကွက်သည့် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် CMPIO စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့၊ချန်းမွိုင်ရပ်ကွက်၊ မောင်းဆာမွတ် လမ်းမပေါ်ရှိ လုပ်ငန်းခွင်များကို စစ်ဆေးခဲ့ပြီး အုန်းသီးဆိုင်ရှိ မြန်မာနိုင်ငံသား၂ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

၎င်းတို့အား “အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ရက်ပေါင်း ၁၅ ရက်အတွင်း အလုပ်ရှင်၊ အလုပ်ခွင်တည်နေရာနှင့် အလုပ်အမျိုးအစားတို့ကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခြင်း” ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကဆိုသည်။

မြန်မာနိုင်ငံသား၂ ဦးသည် ထိုင်းအလုပ်ရှင်နှင့် တရားဝင် အလုပ်လုပ်ခွင့်ရှိကြောင်း ဝန်ခံခဲ့ကြသည်။
၎င်းဆိုင်တွင် ၁ နှစ်ခန့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်ခွင် ပြောင်းလဲကြောင်း အကြောင်းကြားခြင်း မပြုလုပ်ခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် ဖမ်းဆီးရေးအဖွဲ့မှ မြန်မာနိုင်ငံသား၂ ဦးကို ဥပဒေအရ ဆက်လက်အရေးယူရန် ချန်းဖြူယာ့ခ် Chang Phueak ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်းသိရသည်။

ချင်းမိုင်မြို့နယ်ရှိ လုပ်ငန်းခွင်များကို စစ်ဆေးနေပြီး ဇွန်လ ၂၁ ရက်နေ့ တွင် ချန်းပေါက်ရပ်ကွက် ဟွေ့ကော်လမ်းပေါ်ရှိ လုပ်ငန်းတစ်ခုတွင် တရားမဝင်လုပ်ကိုင်နေသူတစ်ဦးကိုဖမ်းဆီးခဲ့‌ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှသိရသည်။

Similar Posts