ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင်၊ချာချင်ဆောင်၊နောင်စာတစ် ဆွယ်(၁)တွင်ရှှိ မီးကြိုးအဟောင်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားသည် အလုပ်ရပ်နားခံလိုက်ရပြီး အခက်အခဲဖြစ်နေကြောင်း
WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။
ထိုစက်ရုံတွင် မြန်မာ အလုပ်သမားများသည် အနည်းဆုံး(၂)နှစ်မှ (၈)နှစ် အထိအလုပ်လုပ်ကိုင်ခဲ့ကြပြီး
ဩဂုတ်လ ၂၈ ရက်နေ့တွင် စက်ရုံကိုပိတ်သိမ်းတော့မည်ဟုဆိုကာ ရပ်နားခြင်းဖြစ်ကြောင်း အလုပ်သများများက ပြောကြားသည်။
၎င်းတို့အား စက်ရုံမှ အလုပ်မပေးနိုင်သည့်အပြင် အလုပ်သမားများ၏ လုပ်အားခ (၁ဝ)ရက်ကျော်စာ ရရန်ကျန်သေးကြောင်း သိရသည်။
ထိုအလုပ်သမားများသည် စက်ရုံသူဌေးနှင့် ပန်းရောက်ကတ်(ဘတ်ရိုက်)ပြုလုပ်ထားခြင်း ၊ ပတ်စ်ပို့သက်တမ်းတိုးထားခြင်းများ အတွက် ငွေသွင်းထားပြီးဖြစ်ကြောင်း အလုပ်သများများက ပြောကြားသည်။
သို့သော်လည်း စက်ရုံပိတ်မည်ဟု သူဌေးမှပြောပြီး အလုပ်သမားများ၏ လုပ်အားခနှင့် ပန်းရောက်ကတ်ခ၊ ပတ်စ်ပို့သက်တမ်းတိုးကုန်ကြမည့် ကိစ္စများကို တာဝန်ယူခြင်းမရှိဘဲ အလုပ်မှ ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။
မြန်မာ အလုပ်သမားသည် စက်ရုံတွင် နှစ်ရှည်အလုပ်လုပ်လာကြသူများဖြစ်ပြီး စာရွက်စာတမ်းကိစ္စ၊စားဝတ်နေရေးနှင့် အလုပ်သစ်ရှာရန်အခတ်ခဲများစွာကြုံတွေ့နေရသောကြောင့် WAG အဖွဲ့ထံ အကူညီတောင်းခံခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့တွင် အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံကာ အမှုလက်ခံခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင်တွင်ရှိသည့် စက်ရုံ အလုပ်ရုံများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများဝင်ရောက်လုပ်ကိုင်နေကြပြီး စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့အလုပ်ထုတ်ပစ်ခြင်း ၊ လုပ်ခလစာ မပေးခြင်း ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းများကြုံနေရကြောင်း မြန်မာအလုပ်သမားအရေးကူညီသူအချို့က ပြောသည်။
Photo – WAG