ထိုင်း ခရီးသည်တင်ကားတွင် အထောက်အထားမပါသည့် မြန်မာ ၅ဝ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်၌ တရားမဝင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄၇ ဦးအား ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် ချန်းဖွန်(Chumphon) အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။

ချန်းဖွန်(Chumphon) အမြန်လမ်းရဲတပ်ဖွဲ့သည် ဖက်ကာဆမ်လမ်းမကြီးတွင် ကင်းလှည့်နေစဉ် ချန်းဖွန်မြို့အနီးသို့ ရောက်ရှိချိန်၌ SCANIA အမျိုးအစား ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ပြီး ရပ်တန့်ခိုင်းကာ စစ်ဆေးခဲ့သည်။

ထိုကားပေါ်တွင် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်အကူ ၁ ဦး ၊ ခရီးသည် ထိုင်းနိုင်ငံသား ၂၀ ဦးနှင့် မြန်မာနိုင်ငံသား ၄၇ ဦးကိုတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများသည် တရားဝင် နေထိုင်ခွင့်ပြုသည့် စာရွက်စာတမ်း သို့မဟုတ် အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိခဲ့သည်ဟု ချန်းဖွန် အမြန်လမ်းရဲတပ်ဖွဲ့က ပြောကြားသည်။

ယာဉ်မောင်းများ၏ ရဲတပ်ဖွဲ့ထံထွက်ဆိုချက်အရ မြန်မာနိုင်ငံသား ၄၇ ဦးကို ဆမွတ်ဆာခွန်ခရိုင်၊ ဆမွတ်ဆုန်ခရမ်ခရိုင်များမှ ခေါ်ဆောင်ခဲ့ပြီး ဆူရတ်ဌာနီခရိုင်သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း၊ ပို့ဆောင်ခစုစုပေါင်း ဘတ်ငွေ ၅၀,၀၀၀ ခန့်ကို ရရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်အကူ ၁ ဦး၊ မြန်မာနိုင်ငံသား ၄၇ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ချုံဖွန်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Ref/Photo – mgronline

. Migrant Times 

Similar Posts