ထိုင်းမှာ ဇွန်လအတွင်း မြန်မာရွှေ့ပြောင်း ၃၇ဝ ဦးထက်မနည်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ယခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦး ထက်အနည်းဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများ၏ဖော်ပြချက်နှင့် Migrant Times ကပြုစုထားသည့် သတင်းအချက်အလက်များအရသိရသည်။

ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ဟု အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူမီဖတ်က ဇွန်လ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည့် နောက်ပိုင်း မြန်မာလုပ်သား အများဆုံးရှိရာ ဒေသများတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံသားများအတွက် ဥပဒေအရ သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများအား ငှားရမ်းထားသည်ဟု သတင်းများရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနကဆိုသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝတားမြစ်ထားသော အလုပ်အကိုင်များအောက်တွင် နိုင်ငံခြားသားအလုပ်သမား ၄,၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး ၄၁၇ ဦးကို တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဥပဒေအရ အရေးယူခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည်။

အများဆုံးပြစ်မှုများမှာ လမ်းဘေးဈေးသည်များအဖြစ် လုပ်ကိုင်ခြင်း၊ ဆံသသမား/အလှပြင်ဆရာများ၊ ထိုင်းရိုးရာနှိပ်နယ်သူများ၊ စာရေးများ၊ အတွင်းရေးမှူးများနှင့် ယာဉ်မောင်းများဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။

နိုင်ငံခြားသား အလုပ်သမားများ၏ အဖြစ်အများဆုံး ချိုးဖောက်မှုများမှာ စျေးရောင်းသူများနှင့် အလုပ်သမားများအဖြစ် လိုအပ်သောခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် (၂၇) မျိုးကိုသတ်မှတ်ထားပြီး စျေးရောင်းချခြင်း၊ ဆံပင်ညှပ်ဆိုင်ဖွင့်ခြင်း၊ ဧည့်လမ်းညွှန်၊ ခရီးသည်ကြိုပို့ ၊ စားသောက်ဆိုင်ဖွင့်ခြင်းစသည့် လုပ်ငန်းများပါဝင်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၆ ရက်နေ့မှစကာ လျှပ်စစ်စက်ဘီး၊သုံးဘီးဆိုင်ကယ်များအား ဖမ်းဆီးရေးစီမံချက်အကြောင်းပြကာ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာလူမျိုးများအား နေအိမ်တန်းလျား၊ လုပ်ငန်းခွင်အထိ စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးမှုများပြုလုပ်နေသည်။

မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသားများ၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်များ အပါအဝင် ဆိုင်ပေါင်း ၁ဝဝ ကျော်၌ အလုပ်လုပ်ကိုင်နေသူများအား စစ်ဆေး အရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနက ဇွန်လ ၂ဝ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

စာရင်းများအရ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာလူဦးရေ ၂၅ဝ,ဝဝဝ ဝန်းကျင်ရှိသည်။
မဲဆောက်မြို့၌ ဇွန်လအတွင်း မြန်မာ ၁ဝဝ ကျော်ခန့်ဖမ်းဆီးခံထားရကြောင်း မဲဆောက်မြို့ရှိရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူအချို့က Migrant Times ကိုပြောသည်။

Migrant Times ကပြုစုထားသည့် သတင်းအချက်အလက်များအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အများဆုံးအဖမ်းခံရသည့် ပြစ်မှုမှာ နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်ခြင်းဖြစ်ပြီး ဇွန်လအတွင်းတွင် ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီမှဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ်များကဖမ်းဆီးခဲ့သည်။

အလားတူ နယ်စပ်တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအား ထိုင်းရဲတပ်ဖွဲ့က ဖုတ်ဖရာဒေသတွင် ၁၁ ဦး၊ ချွန်ဖွန်ဒေသတွင် ၂၆ ဦး နှင့် နွန်ထဘူရီဒေသတွင် ၁၅ ဦး ဖမ်းဆီးခဲ့သည်။

ထို့ပြင် တရားမဝင်အလုပ်လုပ်ကိုင်ခြင်း၊ အထောက်အထားမပြည့်စုံပဲ အလုပ်လုပ်ကိုင်ခြင်း၊လုပ်ငန်းပြောင်းသည့် သတင်းမပို့ခြင်းစသည်များနှင့်ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား ဘန်ကောက်တွင် ၇ ဦး၊ ချင်းမိုင်တွင် ၂ ဦး၊ ကိုဖန်ငန်တွင် ၂ ဦး ၊ အယုဒ္ဓယတွင် ၅ ဦး၊ မဲဆောက်တွင် ၂ ဦးနှင့် မယ်ဆိုင်တွင် ၂ ဦး အသီးသီးဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက်အစောပိုင်းကလည်း ထိုင်းနိုင်ငံ ချန်းဖွန်မြို့အနီး ဖက်ကာဆမ်လမ်းမကြီးတွင်သွားလာနေသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်၌ တရားမဝင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄၇ ဦးအား ချန်းဖွန်(Chumphon) အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံသားများ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့်ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေပြီး နေ့စဉ်ဖမ်းဆီးခံရမှုများရှိနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ အချို့ကပြောကြားသည်။

Similar Posts