ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာ ၂၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ယနေ့ ဇူလိူင်လ ၇ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထောင်ဖာဖုမ် သုံးလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးအဖွဲ့မှ ဆန်ခလာဘူရီခရိုင်မှ ထောင်ဖာဖုမ်ခရိုင်ဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကား ကားတစ်စီးကိုတွေ့ရှိပြီး ကားကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မောင်းနှင်ထွက်ပြေးခဲ့သည်။

ထိုကားအား လိုက်လံရှာဖွေရာ ထောင်ဖာဖုမ်ခရိုင်၊ ဆဟကွန်နီခွန်မြို့နယ်၊ အမှတ် ၁ ကျေးရွာ၊ ဆဟကွန်နီခွန် ကျေးရွာအုပ်စုရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၈ ဦး) ကို တွေ့ရှိခဲ့ပြီး သက်သေခံစာရွက်စာတမ်းများမပါရှိကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသားများအား ဘာသာပြန်သူမှတဆင့် မေးမြန်းချက်အရ ရန်ကုန်တိုင်းမှလာရောက်ကြသူများဖြစ်ပြီး ထိုင်းသို့နယ်စပ်ဖြစ်ကျော်ဝင်ရောက်ရန် ပွဲစားကို တစ်ဦးလျှင် ၁၉,ဝဝဝ ဘတ် ပေးခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံသား ၂၇ ဦးအား ဆက်လက်စစ်ဆေးရန်နှင့် ဥပဒေအရ ဆောင်ရွက်ရန် ထောင်ဖာဖုမ် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။

Photo – Royal Thai Army 

Similar Posts