ထိုင်းနယ်စပ်ဆေးရုံတွင် မြန်မာရွှေ့ပြောင်းတစ်ဦး ၁၁ ပေါင်ခွဲရှိကလေးမွေးဖွား

ဇူလိူင် ၁ဝ၊ Migrant Times
ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ယာယီခိုလှုံရာစခန်းတွင်နေနိုင်သည့် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးသည် ၅,၂၉၅ ဂရမ် အလေးချိန် (၁၁ ပေါင်ခွဲခန့်)ရှိကလေးမွေး ဖွားခဲ့ကြောင်း ထာ့ဆောင်ယန်းဆေးရုံမှထုတ်ပြန်သည်။
ထိုင်း-မြန်မာနယ်စပ် ဘာအေကော် ယာယီခိုလှုံရာစခန်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသား မိခင် “အေ” (အမည်လွှဲ) သည် ဇူလိုင်လ ၈ ရက်နေ့တွင် ထာ့ဆောင်ယန်းဆေးရုံ၌ အံ့ဖွယ်ကောင်းသော ကလေးငယ်တစ်ဦး မွေးဖွားခဲ့ပြီး မွေးစအလေးချိန်မှာ ၅,၂၉၅ ဂရမ် ရှိခဲ့ကြောင်း ဆေးရုံကထုတ်ပြန်သည်။
“ဒီကလေးငယ်က ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန် အရမ်းများတယ်၊ မွေးဖွားဖို့ အန္တရာယ်များတယ်။ ကလေးအမေက မွေးပြီးချိန်မှာ သွေးအရမ်းထွက်ခဲ့တယ်။ ကလေးကလည်း သွေးတွင်းသကြားဓာတ်နည်းနေလို့ချက်ချင်း NICU ထဲကို ခေါ်သွားခဲ့ရတယ်”ဟု မွေးဖွားပေးခဲ့သည့် ထာ့ဆောင်ယန်းဆေးရုံမှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ နတ်တာနီချာက ပြောသည်။
ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကြောင့် မိခင်နှင့်ကလေး နှစ်ဦးစလုံး အသက်ဘေးကင်းခဲ့ကြသော်လည်း ကလေးငယ်၏ မိသားစုမှာ ဆင်းရဲနွမ်းပါးသည့်အတွက် ကျန်းမာရေးအာမခံ မရှိ၊ ပုံမှန်ဝင်ငွေ မရှိသည့်အပြင် ကလေးအတွက် လိုအပ်သော ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူနိုင်ခြင်းမရှိကြောင်း ဆေးရုံကထုတ်ပြန်သည်။
“ထိုင်းလက်ဝှေ့သမားလေး”ဟုချစ်စနိုးနာမည်ပေးထားသည့် ကလေးငယ်ကို ယမန်နေ့ ဇူလိူင် ၉ ရက်နေ့တွင် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) ၌ ဆက်လက် စောင့်ရှောက်မှု ပေးနေပြီး ကလေးငယ်၏ ကျန်းမာရေး အခြေအနေမှာ ယခင်ကထက် များစွာ တိုးတက်ကောင်းမွန်လာကြောင်းဆေးရုံက ထုတ်ပြန်သည်။
သွေးတွင်းသကြားဓာတ် နည်းပါးခြင်း (Hypoglycemia) သည် ကောင်းမွန်လာပြီး ကလေးငယ်သည် မိခင်နို့နှင့် နို့မှုန့် နှစ်မျိုးလုံးကို သောက်သုံးနိုင်ပြီဖြစ်ကြောင်း၊ အသက်ရှူ မဝခြင်း လက္ခဏာ အနည်းငယ် ကျန်ရှိနေသေးသဖြင့် ဆရာဝန်နှင့် သူနာပြုအဖွဲ့က အနီးကပ် စောင့်ကြည့်ကုသပေးနေဆဲ ဖြစ်ကြောင်း သိရသည်။
ထာ့ဆောင်ယန်းဆေးရုံသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ဆေးရုံငယ်တစ်ခုဖြစ်ပြီး ဆေးရုံတွင် NICU တွင် ထားနေရသော မွေးကင်းစကလေးများ၊ အချိန်မတိုင်မီ မွေးဖွားသော ကလေးများ၊အာဟာရချို့တဲ့သော ကလေးများရှိနေကြောင်းသိရသည်။
ဘတ်ဂျက် ကန့်သတ်ချက်များနှင့် နယ်မြေအခြေအနေများကြောင့် ကလေးကာကွယ်ဆေးများ၊ကလေး အနှီး ၊ကလေးနို့မှုန့် ၊ဂွမ်း၊ ဆားရည်၊ တစ်ရှူးစိုနှင့် အဝတ်အစားဟောင်းများလိုအပ်နေပြီး ဆက်သယ်လှူဒါန်းနိုင်ကြောင်း ဆေးရုံ ကထုတ်ပြန်သည်။
Photo – Tha song yang Hospital

Similar Posts