မလေးရှားတွင် ပြည့်တန်ဆာ လုပ်ကိုင်သည့် ထိုင်း အင်ဒိုနီးရှား ဗီယက်နမ် လာအို နှင့် မြန်မာ လုပ်သားများကိုဖမ်းဆီး

ဇူလိူင် ၁၂ ၊ Migrant Times
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ ကူချိုင်း၊ သီရိပီတာလင်းနှင့် ချီရပ်စ်တစ်ဝိုက်ရှိ နေရာသုံးခုတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ဗီယက်နမ်၊ လာအို နှင့် မြန်မာနိုင်ငံမှ အမျိုးသမီး လုပ်သား ၈၉ ဦးနှင့် ဒေသခံလေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှထုတ်ပြန်သည်။
JIM ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ ညနေတွင် နိုင်ငံခြားသူများဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည်ဟု သံသယရှိသော အဆောက်အအုံနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းအမျိုးသမီး ၆ ဦး၊ အင်ဒိုနီးရှားအမျိုးသမီး ၈ ဦး၊ ဗီယက်နမ်အမျိုးသမီး ၁၁ ဦးနှင့် မြန်မာအမျိုးသမီး ၁ ဦး အပါအဝင် နိုင်ငံခြားသူ ၂၆ ဦးကို လိင်ဝန်ဆောင်မှုပေးသည့်အတွက် ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အမျိုးသား ၂ ဦးနှင့် ဒေသခံအမျိုးသား ၄ ဦးကိုလည်းအဆောက် အအုံများတွင် အလုပ်လုပ်ကိုင်သည့်အတွက် ထိန်းသိမ်းခဲ့သည်။
JIM အဆိုအရ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများသည် အွန်လိုင်းမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် အင်ဒိုနီးရှားအမျိုးသမီးများဖြင့် လိင်ပိုင်းဆိုင်ရာပြုလုပ်ရန် အတွက် ရင်းဂစ် RM160 မှ RM480 ကြား စျေးနှုန်းများဖြင့် ကမ်းလှမ်းခဲ့သည်။
ဝန်ဆောင်မှုကို ဝဘ်ဆိုက်တွင် ကြော်ငြာပြီး ဖောက်သည်များအား Whatsapp နှင့် Telegram အက်ပလီကေးရှင်းများမှတစ်ဆင့် စာရင်းသွင်းခြင်း ပြုလုပ်ပြီး ကူချိုင်း၊ သီရိပီတာလင်းနှင့် ချီရပ်စ်တစ်ဝိုက်ရှိ စျေးသက်သာသော ဟိုတယ်အဆောက်အအုံများ ရှိရာနေရများအား ပို့ဆောင်ကြောင်းသိရသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန သည် ဇူလိုင် ၉ ရက်နေ့ ညတွင် အမျိုးသမီးဖောက်သည်ဝန်ဆောင်မှု (GROs) ပေးသော ဖျော်ဖြေရေးစင်တာကိုလည်း စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၆၁ ဦးကို ထိန်းသိမ်းခဲ့သည်။
၎င်းတို့အနက် ထိုင်းအမျိုးသမီး ၄၄ ဦး၊ ဗီယက်နမ်အမျိုးသမီး ၂ ဦး၊ လာအိုအမျိုးသမီး ၄ ဦး၊ မြန်မာအမျိုးသမီး ၂ ဦးတို့ပါဝင်သည်။
ဖမ်းဆီးခံရသူအားလုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပူထရာဂျာယား လူဝင်မှုကြီးကြပ်ရေးဂိုဒေါင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း JIM ကထုတ်ပြန်သည်။
Photo – JIM

Similar Posts