Site icon Migrant Times

အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးဖမ်းဆီးခံရ

ဇူလိူင် ၁၄ ၊ Migrant Times

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်းအယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့သည် ခရီးရှည်ပိတ်ရက်အပြီး ပြန်လာသည့် ကားများအား စောင့်ကြည့်ခဲ့ပြီး အနက်ရောင် Toyota Wish ကားတစ်စီးသည် ရုတ်တရက် လမ်းကြောပြောင်းလဲ မောင်းနှင်ခဲ့သည့်အတွက် ရပ်တန့်ခိုင်းခဲ့သည်။

ထိုကားအားရပ်တန့်ခိုင်းပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဇင်လင်းအောင်အားယာဉ်မောင်းအဖြစ်တွေ့ရှိခဲ့ပြီး ကားအတွင်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးသည် ပြွတ်သိပ်ထိုင်နေသည်ကို တွေ့ရှိခဲ့သည်။

အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က ၎င်းတို့အား နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများ စစ်ဆေးရန် တောင်းဆိုခဲ့သော်လည်း မည်သူမျှ မပြသနိုင်ခဲ့ကြသည့်အတွက် အဝေးပြေးရဲတပ်ဖွဲ့၊ အမှတ် ၁ ဌာနခွဲ၊ အမှတ် ၁ တပ်ခွဲသို့ စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သည်။

မြန်မာနိုင်ငံသားများအား စကားပြန်မှတစ်ဆင့် စစ်ဆေးရာတွင် မြန်မာ ၁၁ ဦးသည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ တစ်ဖက်ကမ်းမှ လှေဖြင့် တရားမဝင် ဝင်ရောက်လာကြပြီး အကျိုးဆောင်ကို တစ်ဦးလျှင် ဘတ် ၁ဝ,ဝဝဝ ပေးခဲ့ရကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသား ယာဉ်မောင်းသည် ၎င်းတို့အား ချန်ဘူရီပြည်နယ် ၊ နောင်ရိုင်သို့ပို့ဆောင်ရန် ငှားရမ်းခြင်းခံရပြီး တစ်ဦးလျှင် ဘတ် ၁,ဝဝဝ နှုန်းဖြင့် သယ်ယူပို့ဆောင်ခ ရရှိမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံထွက်ဆိုသည်။

မြန်မာနိုင်ငံသားများကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းနှင့် နေထိုင်ခြင်းဖြင့် စွဲချက်တင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ပြီးခဲ့သည့် ဇူလိူင်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ၊ ကချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ထိုင်းစစ်တပ်ကဖမ်းဆီးခဲ့သည်။
Migrant Times ၏စာရင်းပြုစုချက်အရ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Exit mobile version