မဲဆောက်တွင် မြန်မာများကို ခြိမ်းခြောက်ကာ ငွေညှစ်ယူနေဟု HRW ထုတ်ပြန်

◼မြန်မာနိုင်ငံသားများကို “သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ဟုဆို

ဇူလိူင် ၁၅ ၊ Migrant Times

ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် ရဲများက မြန်မာနိုင်ငံသားများကို မကြာခဏ စစ်ဆေးပြီး လာဘ်ငွေမပေးပါက ဖမ်းဆီးထိန်းသိမ်းမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ယူလေ့ရှိကြောင်း
လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)က ယနေ့ ဇူလိူင် ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။

မဲဆောက်နယ်စပ်မြို့တွင် ခြိမ်းခြောက်မှုများနှင့် လာဘ်ငွေများမှတစ်ဆင့် အကျိုးအမြတ်များစွာရရှိနေပြီး အာဏာပိုင်များက မြန်မာနိုင်ငံသားများကို “သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ကြသည်အထိ ဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် နှင်ထုတ်ခံရနိုင်သည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရကာ သတိထား သွားလာပြီး ပုန်းအောင်းနေထိုင်နေကြရကြောင်း HRW ကဖော်ပြသည်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော် နေထိုင်နေပြီး ၁.၇ သန်းအထိ အထောက်အထားမဲ့ ဖြစ်နေသည်ဟု ခန့်မှန်းထားသည်။

IOM က ၂ဝ၂၃ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁.၃ သန်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခ အကျပ်အတည်းများမှ ထွက်ပြေးလာခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ဘေးဖယ်ခံရပြီး အမြတ်ထုတ်ခံနေရသည်ဟု ခံစားရကြောင်း မြန်မာအချို့က Human Rights Watch ကို ပြောကြားခဲ့သည်။

Similar Posts