ဇူလိူင် ၁၆ ၊ Migrant Times
ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စုရှိ ရွှေ့ပြောင်းပညာရေး ကျောင်းတစ်ကျောင်းတွင် အမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်းတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထိုင်း Newsshow32 သတင်းက ယနေ့ဖော်ပြသည်။
၎င်းအမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမူခဲ့ခြင်းကြောင့် ကလေးငယ်အများအပြား စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ပြီး ရှက်ရွံ့ကာ ကျောင်းမတက်တော့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကာ မိဘများအား အသိပေးခဲ့ကြောင်း သိရသည်။
လိင်အမြတ်ထုတ်ခံရသည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ ကျောင်းသားကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း သတင်းကဆိုသည်။
အဆိုပါ အမျိုးသားဆရာသည် အသက် ၇ဝ နှစ်အရွယ်ရှိပြီး ကျောင်းသားများကို ညဘက်တွင် နှိပ်နယ်ပေးရန် မကြာခဏ ခေါ်လေ့ရှိကြောင်း၊ ဖျားနာသည်ဟု အကြောင်းပြကာ ကလေးများကို သူနှင့်အတူ အိပ်ရန် ခေါ်ဆောင်ပြီး လိင်အင်္ဂါများကို ပွတ်သပ်ခြင်း၊ အချို့ကလေးများကို လိင်စိတ်ဖြေဖျောက်ခိုင်းခြင်းနှင့် မဖွယ်မရာ ပြုလုပ်ခြင်းများ ရှိကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
ကလေးငယ်များအား လိင်အမြတ်ထုတ်သည့် ဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လများအတွင်း ဖြစ်ပွားခဲ့ပြီး ကျောင်းဒါရိုက်တာထံ တိုင်ကြားခဲ့သော ကလေးငယ် ၉ ဦးခန့်ရှိသော်လည်း ထိုကျောင်းက အဆိုပါဆရာအား အရေးယူရန် တွန့်ဆုတ်နေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းကရေးသားသည်။
ကလေးငယ်တစ်ဦး၏အုပ်ထိန်းသူ နစ်ဒ်က “ဆရာက ကလေးတွေကို မတော်မလျော်ပြုမူတာကို မြေးလေးက လာပြောပြတယ်။ နောက် အခြားကလေးငယ် အများအပြားလည်း သူတို့လည်း ဒီလိုပဲ အပြုအမူခံရတယ်လို့ ထုတ်ဖော်ပြောလာကြပါတယ်။ ကျွန်မအနေနဲ့ဆိုရင် ကလေး ၂ဝကျော်လောက် ခံစားခဲ့ရမယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။
အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးက လက်ရှိတွင် အသက် ၇ဝ ခန့်ရှိသော ကျောင်းဆရာသည် ဖြစ်ပွားရာနေရာအနီးရှိ ဟိုတယ်တစ်ခုတွင် သွားရောက်ပုန်းအောင်းနေကြောင်း၊ ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းများက အလေးအနက်ထား စစ်ဆေးခြင်းမရှိသေးဘဲ ကလေးသူငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ကသာ သတိထားမိကြောင်း၊ ဌာနဆိုင်ရာများက ယင်းသို့ ပြုမူခံရသော ကလေးများကို ကူညီရန် တာဝန်ရှိကြောင်း ပြောကြားသည်။
အဆိုပါကျောင်းသည် မဲဆောက်ဒေသရှိမြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးငယ်များအတွက် ပညာသင်ကြားပေးသော ကျောင်းဖြစ်ပြီး မူလတန်းနှင့် အထက်တန်းအဆင့်များ သင်ကြားပေးကာဆရာ ၃၅ ဦးခန့်နှင့် ကျောင်းသား ၈၅၀ ခန့်ရှိပြီး နယ်စပ်ဒေသတွင် တည်ရှိကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
အဆိုပါကျောင်းမှ ကလေးငယ်များအား လိင်အမြတ်ထုတ်သည့် ဆရာတစ်ဦးကို အရေးယူရန်အတွက် ရဲစခန်း၌ ယနေ့ အမှုဖွင့်ခဲ့ကြောင်းလည်း အမှုဖွင့်ခဲ့သူက လူမှုကွန်ရက်တွင် ယနေ့ညပိုင်းကရေးသားထားသည်။
ယခုသတင်းနှင့်ပတ်သက်ပြီး Migrant Times က ဆက်လက်စုံစမ်းမေးမြန်းနေသည်။
ဓာတ်ပုံ – မဲဆောက်မြို့။