ချင်းမိုင်တွင် ဇူလိူင် ၁၇ ညနေပိုင်း ရေကြီးနိုင်ကြောင်း သတိပေး

◼ ထိုင်းမြောက်ပိုင်းတွင် ဆက်လက် မိုးသည်းထန်မည်
ဇူလိူင် ၁၇ ၊ Migrant Times
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယမန်နေ့ ၌ ပင်းချောင်းရေလျှံကာ ရေကြီးခဲ့ပြီး ၎င်းရေများ ချင်းမိုင်မြို့ ရှိပင်းမြစ်အတွင်းသို့စီးဝင်နေသည့်အတွက် ယနေ့ ဇူလိူင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် စိုးရိမ်ရေမှတ်ရောက်ကာ ရေကြီးနိုင်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးက သတိပေးချက်ထုတ်ပြန်သည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် ချင်းမိုင်မြို့၊နဝရတ်တံတားထိပ် ပင်းမြစ် P.1 ရေတိုင်းအမှတ်တွင် မြစ်ရေသည် ၂.၁၃ မီတာကိုရောက်ရှိနေပြီး အစိမ်းရောင်အဆင့်သတ်မှတ်ထားသည်။
ပင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး ယနေ့ ညနေ ၅ နာရီခန့်တွင် အနီရောင်အဆင့် စိုးရိမ်ရေမှတ် ၃.၇ ကိုကျော်လွန်ကာ ၃.၈၆ ကိုရောက်ရှိနိုင်ကြောင်း ၊ ပင်းမြစ်ရေသည် ၄.၂ မီတာသို့ရောက်ရှိပါက ရေလျှံမှုများကြုံရနိုင်ကြောင်း တိုင်းတာရေးယူနစ်များကခန့်မှန်းထားသည်။

ပင်းမြစ်ရေသည် ချင်းမိုင်မြို့အတွက် စိုးရိမ်ရသည့်အခြေအနေကြောင့် ထုတ်ပြန်ချက်များကိုသတိပြုရန်နှင့် မြေနိမ့်ပိုင်းနေသူများ ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားကြရန် ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးက သတိပေးသည်။

ချင်းမိုင်မြို့တွင် ယခင်နှစ် ၂ဝ၂၄ စက်တင်လာလနောက်ဆုံးပတ်တွင် ပင်းမြစ်ရေမြင့်တက်ကာ ပထမအကြိမ်ရေကြီးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ပထမပတ်တွင် ဒုတိယအကြိမိ ရေကြီးမှုထပ်မံ
ဖြစ်ပွားခဲ့ပြီး ပင်းမြစ်အနီးရပ်ကွက်များတွင် အဆိုးဝါးဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ကြောင်း ချင်းမိုင်နေသူအချို့က Migrant Times ကိုပြောကြားသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်လ ၂ဝ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ချင်းမိုင်၊ ချင်းရိုင်၊ ဖယောင်၊ နန်း၊ ဖဲ၊ လမ်ဖွန်၊ လမ်ပန်း၊၊ မယ်ဟောင်ဆောင်၊ တတ်၊ ကန်ဖိုင်ဖစ်၊ စုခိုထိုင်း၊ အုတ်တရာဒစ်၊ ဖစ်ဆနုလော့၊ ဖစ်ချစ်နှင့် ဖစ်ချဘွန်းပြည်နယ်များတွင် ရုတ်တရက် ရေကြီးခြင်းနှင့် တောင်ကျရေ အန္တရာယ်ကို သတိပြုကြရန်လိုကြောင်း ထိုင်းမိုးလေဝသဌာနက ယနေ့ထုတ်ပြန်သည်။
Photo – Chiang Mai News
ဇူလိူင်လ ၁၇ ရက် ချင်းမိုင်မြို့ ပင်းမြစ်မြင်ကွင်း။

Similar Posts