ထိုင်း ဖော့ဖရာတွင် မြန်မာ ၁၆ ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ယနေ့ ဇူလိူင် ၁၉ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ရာဇမနူအထူးတပ်ဖွဲ့မှသိရသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် တာ့ခ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရာဇမနူအထူးတပ်ဖွဲ့ တို့သည် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ကင်းလှည့်စဉ်အတွင်း ဖော့ဖရာ၊ ခွန်ဟွေး – ချောင်းကပ် လမ်းမပေါ်တွင် ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၅ ဦးနှင့်ယာဉ်မောင်းတို့ကိုဖမ်းဆီးခဲ့သည်။

ထို့အပြင် ယနေ့နံနက်တွင် ဖော့ဖရာ၊ ခွန်ဟွေး ချောင်းကပ်လမ်းရှိ အမှိုက်ပုံအနီးတွင် စာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၁၁ ဦးကို ထပ်မံတွေ့ရှိခဲ့ကာ ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံသား ၁၆ ဦး အား ခွင့်ပြုချက်မရှိဘဲထိုင်း နိုင်ငံတွင်ဝင်ရောက်နေထိုင်ခြင့်ဖြင့် စွဲချက်တင်ပြီး ဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် လူပွဲစားဂိုဏ်းများကို စုံစမ်းစစ်ဆေးမည်ဟု ရာဇမနူအထူးတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်ညကလည်း ကန်ချနဘူရီခရိုင် ၊ ထောင်းဖာဖုမ်ဒေသရှိ ရာဘာတောအတွင်း ကားပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၄၈ ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြသည်။

အလားတူ ဇူလိုင်လ ၁၃ ရက်နေ့ ကလည်း အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား အဝေးပြေးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

Migrant Times ၏စာရင်းပြုစုချက်အရ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Similar Posts