ဝီဖာမုန်တိုင်းကြောင့် ထိုင်းမြောက်တွင် ဇူလိုင် ၂၂ မှ ၂၄ အထိ မိုးအလွန် သည်းထန်မည်

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ဝီဖာ” (WIPHA) ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်လ ၂၂ ရက် မှ ၂၄ ရက်အထိ မိုးအလွန် သည်းထန်မည်ဖြစ်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေး ဦးစီးဌာန (DDPM)က ယနေ့တွင်အရေးပေါ်ထုတ်ပြန် သတိပေးသည်။

မုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းမြောက်ပိုင်းရှိ နန်၊ ဖယောင်၊ ချင်းရိုင်၊ လမ်ဖွန်၊ လမ်ပန်၊ ဖရဲ၊ အူထရာဒစ်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် တာ့ခ်၊ နောင်ခိုင်၊ ဘွန်ကန်၊ နခွန်ဖနွန်၊ ဆာကွန်နခွန်၊ နောင်ဘူအာလမ်ဖူ၊ လိုအီ၊ အူဒွန်ဌာနီ၊ ကန်ချနာဘူရီ၊ ရာ့ချဘူရီ၊ အူထိုင်းဌာနီ၊ ချန်ထဘူရီ၊ တရတ် ပြည်နယ်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြေင်း DDPM ကထုတ်ပြန်သည်။

ထိုဒေသများတွင် မိုးသည်းထန်ခြင်းကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းနှင့် မြေပြိုခြင်းများကို မြေနိမ့်ပိုင်းဒေသများ၊ မြစ်ကမ်းပါးဒေသများနှင့် တောင်စောင်းများတွင် နေထိုင်သူများသတိထားသင့်ကြောင်း ဖော်ပြထားသည်။

အန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သူများသည် ၎င်းတို့၏ ပစ္စည်းများကို မြင့်ရာသို့ ရွှေ့ပြောင်းရန်၊ လိုအပ်ပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်များကို အနီးကပ် စောင့်ကြည့်ရန် DDPM ကတောင်းဆိုထားသည်။

ယနေ့နေ့လည်ပိုင်းကစပြီး AIS၊ True နှင့် NT ကဲ့သို့သော မိုဘိုင်းလ်ဖုန်းကွန်ရက်များနှင့် ပူးပေါင်းကာ
ထိုင်းမြောက်ပိုင်းနှင့် မုန်တိုင်းသက်ရောက်မှုခံရနိုင်သည့်ဒေသတွင် နေထိုင်သူများ၏ ဖုန်းများကို သတိပေးချက် မက်ဆေ့ချ်များ ပေးပို့နေကြောင်း DDPM ကထုတ်ပြန်သည်။

“DDPM က မက်ဆေ့တွေ ထိုင်းလိုရော အင်္ဂလိပ်လိုရော ပို့တယ် ဇူလိူင် ၂၂ ကနေ ၂၄ ရက်တွင်း ရေကြီးမြေပြိုနိုင်တယ် တန်ဖိုးရှိတာတွေပြောင်းရွှေ့ထားဖို့ စတာတွေပါ” ဟုချင်းမိုင်မြို့တွင် နေထိုင်သည့်မြန်မာတစ်ဦးကပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ဝီဖာ” (WIPHA)သည်
ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗီယက်နမ်မြောက်ပိုင်းကမ်းခြေသို့ ရွေ့လျားပြီးနောက် အားပျော့သွားမည့် ဟုမိုးလေဝသဌာနများက ကနဦးခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရပါက “DDPM Alert 1784” Line ID @1784DDPM သို့ ဆက်သွယ်ကာ သတင်းပို့နိုင်ပြီး အရေးပေါ်ဖုန်းနံပါတ် (DDPM) 1784 ကို ၂၄ နာရီဖုန်းခေါ်ဆိုကာ အကူအညီတောင်းခံနိုင်ကြောင်း DDPM ကအသိပေးသည်။

Photo – CM 108
ချင်းမိုင်မြို့ ချန်ကလန်ရပ်ကွက်တွင် ဇူလိူင် ၁၉ ရက်နေ့ညက မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့သည့်မြင်ကွင်း။

Similar Posts