ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ အဝေးပြေးလမ်းပေါ်ရှိ ချနားနာရီစင်ရှေ့ လမ်းဆုံမီးပွိုင့်တွင် ပစ်ကပ်ကားတစ်စီးပေါ်မှ တရားဝင်အထောက်အထားမပါရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရတ်သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။
ယမန်နေ့ ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်တွင်ထိုကားအား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB အဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စတိုတစ်လက်ကိုင်းဆောင်ထားသည့် ထိုင်းယာဉ်မောင်းနှင့် ခရီးသည်ထိုင်းလူမျိုး ၂ ဦး၊
မြန်မာအမျိုးသမီး ရွှေ့ပြောင်းလုပ်သား ၄ ဦးနှင့် မြန်မာအမျိုးသား ရွှေ့ပြောင်းလုပ်သား ၈ ဦးတို့အားတွေ့ရှိကြောင်း ထုတ်ပြန်သည်။
ဟတ်ယိုင်ခရိုင်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ခရိုင်သုံးခုသို့ မှောင်ခိုပို့ဆောင်နေသည့် လုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် ဖမ်းမိခြင်းဖြစ်ကြောင်း CIB မှသိရသည်။
စစ်ဆေးမှုများအရ ရွှေ့ပြောင်းလုပ်သား ၉ ဦးတွင် ဇူလိုင်လ ၁၉ ရက်စွဲပါ ဘန်ကောက် မှ ဟတ်ယိုင်သို့ ရထားလက်မှတ်များတွေ့ရှိကြောင်း၊ မြန်မာ ၁၂ ဦးအနက် တစ်ဦးသာ နိုင်ငံကူးလက်မှတ်ပါရှိကြောင်း၊ ကျန် ၁၁ ဦးမှာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် တရားဝင်စာရွက်စာတမ်းများ မရှိကြောင်း CIB ကထုတ်ပြန်သည်။
နိုင်ငံကူးလက်မှတ်ပါသည့် မြန်မာနိုင်ငံသားတွင် သက်တန်းရှိ ဗီဇာရှိမရှိနှင့်ပတ်သက်ပြီး သီးသန့်ထုတ်ပြန်ခြင်းမရှိပါ။
ဟတ်ယိုင်ဘူတာမှ မြန်မာကိုးဦးနှင့် ဝပ်ခွန်လန်းဘုရားရှေ့မှ မြန်မာသုံးဦးတို့ကို ခေါ်ဆောင်ခဲ့ပြီး သယ်ယူပို့ဆောင်ခ တစ်ဦးလျှင် ဘတ် ၅ဝဝ ရရှိကာ ယခင်က တရားမဝင်လုပ်သားများကို နှစ်ကြိမ် သယ်ယူပို့ဆောင်ခဲ့ဖူးကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးနှင့် သံသယရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ချနားရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းအရသိရသည်။
ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ရာဇမနူအထူးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
အလားတူ ဇူလိုင် ၁၇ ရက်ညတွင်လည်း ကန်ချနဘူရီခရိုင် ၊ ထောင်းဖာဖုမ်ဒေသရှိ ရာဘာတောအတွင်း ကားပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၄၈ ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
ထို့ပြင်ဇူလိုင်လ ၁၃ ရက်နေ့ တွင် အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား အဝေးပြေးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
Migrant Times ၏စာရင်းပြုစုချက်အရ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။