ဇူလိူင် ၂၁ ၊ Migrant Times
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကိုဟေး (Coral Island) ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ယမန်နေ့ (ဇူလိူင် ၂ဝ)မွန်းလွဲပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ ကမ်းခြေကုလားထိုင်များပေါ်သို့ သစ်ပင်တစ်ပင်လဲကျခဲ့ပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးကာ သူမ၏ခင်ပွန်းလည်း ဒဏ်ရာရရှိခဲ့သည်။
ချာလုံရဲစခန်းမှ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံသည် အပူပိုင်းမုန်တိုင်း “ဝိဖာ” ကြောင့် လေပြင်းများတိုက်ခတ်နေစဉ် ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်တွင် အနားယူနေခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သည် အမြစ်ပြတ်လဲကျကာ အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီးဝမ်၏ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်လဲကျခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။
ဒေသခံ ခရီးသွားဝန်ထမ်းများက အဆိုပါဇနီးမောင်နှံကို လှေဖြင့် ချာလုံဆိပ်ခံတံတားသို့ အမြန်ဆုံးပို့ဆောင်ခဲ့ပြီး ချာလုံဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မစ္စစ်ဝမ်သည် ညနေ ၄နာရီခွဲခန့် တွင် သေဆုံးခဲ့သည်။
ထိုင်းမိုးလေဝသဌာနက အပူပိုင်းမုန်တိုင်း ဝိဖာ၏ သက်ရောက်မှုကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံတွင် မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ပြီး လေပြင်းများတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။
အထူးသဖြင့် တောင်ခြေဒေသများနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရုတ်တရက်ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
ဖူးခက်ပြည်နယ် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးရုံးကလည်း ဇူလိုင် ၁၉ ရက်မှ ၂၄ ရက်အထိ ရုတ်တရက်ရေကြီးခြင်းနှင့် လှိုင်းကြီးခြင်းများအတွက် အထူးသတိပေးထားသည်။