ထိုင်းနိုင်ငံ ၊ ဆူရတ်ဌာနီပြည်နယ်၊ ကိုဖန်ငန်မြို့နယ်တွင် ဒရုန်သုံးပြီး နေအိမ်များမှ ခိုးမှုများကျုးလွန်သည့် မြန်မာနိုင်ငံသား လူငယ် ၄ ဦးအား ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ယမန်နေ့ (ဇူလိုင် ၂၂ ရက်) တွင် ကိုဖန်ငန်ခရီးသွားရဲတပ်ဖွဲ့အား မြန်မာနိုင်ငံသား လူငယ်အဖွဲ့သည် ကိုဖန်ငန်မြို့နယ်ခွဲ၊ ကျေးရွာ အမှတ် ၃ တွင် မသင့်လျော်သောအပြုအမူများပြုလုပ်ကာ ကျယ်လောင်စွာ အော်ဟစ်ခြင်းနှင့် အနှောင့်အယှက်များ ပေးနေကြောင်း ဒေသခံများက တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အသက် ၁၉ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသား လူငယ် ၄ ဦးအား ကိုဖန်ငန်မြို့နယ်ခွဲ၊ ကျေးရွာ အမှတ် ၅ ရှိ လမ်းဘေး သစ်တောတစ်ခုတွင်ဖမ်းဆီးခဲ့သည်။
၎င်းတို့သည် ညဘက်တွင် ခိုးမှုများအတွက် လှည့်လည်သွားလာခဲ့ကြောင်း၊ ပစ်မှတ်ထားသည့် အိမ်များကို ရှာဖွေရန် ဒရုန်းကို အသုံးပြုခဲ့ပြီး တံခါးနှင့်ပြတင်းပေါက် ဖွင့်ထားပါက ခိုးမှုကျူးလွန်ရန် ဆက်လက်ဝင်ရောက် ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ထုတ်ဖော်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က မြန်မာလူငယ်များ ငှားရမ်းနေထိုင်သည့် အခန်းကို ရှာဖွေခဲ့ရာ မက်သဖက်တမင်း ၆၆ လုံး၊ မူးယစ်ဆေးဝါးသုံးစွဲသည့် ပစ္စည်းတစ်စုံနှင့် မောင်းသူမဲ့ လေယာဉ်ဒရုန်းနှစ်စင်းကို တွေ့ရှိခဲ့သည်။
မြန်မာလူငယ်များက ၎င်းတို့ အသုံးပြုသည့် ဒရုန်းကို ခရီးသွားတစ်ဦးထံမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။
၎င်းတို့အား မက်သဖက်တမင်း မူးယစ်ဆေးဝါး တရားမဝင် လက်ဝယ်ထားရှိမှုနှင့် တရားမဝင် သုံးစွဲမှု တို့ဖြင့် စွဲချက်တင်ရန် ကိုဖန်ငန်ရဲစခန်သို့ ပို့ဆောင်ထားပြီး ဒရုန်းနှစ်စင်း၏ ပိုင်ရှင်များကို ပြန်လည်ပေးအပ်ရန် ရှာဖွေနေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Photo – MGR