Site icon Migrant Times

မဟာချိုင်တွင် အလုပ်ရပ်နားခံရသည့် မြန်မာလုပ်သား ၁ဝဝ ကျော်၏ ခံစားခွင့် ဘတ် ၁ သန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ ပလက်စတစ်ဖြင့်ပြုလုပ်သည့်ပရိဘောဂစက်ရုံတရုံတွင် အကြောင်းမဲ့ အလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမား ၁ဝဝ ကျော် ၏ ငွေကြေးအကျိုးခံစားခွင့် ဘတ် ၁ သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့MWSC နှင့် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF တို့မှသိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်နေ့တွင် ထိုစက်ရုံ အလုပ်ရှင်က အလုပ်ရုံကို ချွန်ဘူရီသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး မလိုက်ပါလိုသည့် အလုပ်သမားများအား ဇူလိူင်လ ၁၆ ရက်နေ့တွင် အလုပ်လာရန်မလိုအပ်တော့ဟု ပြောဆိုခဲ့သည်။

ယင်းနောက် ဇူလိူင်လ ၁၆ ရက်နေ့တွင် မြန်မာအလုပ်သမားများက ပုံမှန်အတိုင်း အလုပ်သွားသည့်အခါ အလုပ်ရှင်က အလုပ်ရုံတံခါးကို ပိတ်ထားပြီး ထိုင်းလူမျိုးများကိုသာ အလုပ်ဝင်စေခဲ့သည်။

ထိုစက်ရုံတွင် မြန်မာအလုပ်သမားများသည် ဗီဇာ နှင့် ဝေါ့ပါမစ် သက်တမ်းတိုးရန်အတွက် တဦးလျှင် ၇၅ဝဝ ဘတ်စီ ပေးဆောင်ပြီးဖြစ်သော်လည်း အလုပ်ရှင်က စာရွက်စာတမ်း သက်တမ်းတိုးလုပ်ငန်းစဉ်များ မပြီးဆုံးမီ အလုပ်မှထုတ်ပယ်ခဲ့ကြောင်း အလုပ်သမားများကပြောသည်။

၎င်းတို့က LRF အဖွဲ့ကိုအကူအညီတောင်းခံခဲ့ပြီးနောက်တွင် အမှုအခင်းနှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး စမွတ်စာခွန်ခရိုင်အတွင်းရှိ အလုပ်အကိုင်ရှာဖွေးရေးဌာန (ကျန်ဟာငန်) နှင့် အလုပ်သမားကာကွယ်စောင့်ရှောင့်ရေးဌာန (ဆဝါဒီကမ်) ရုံးများသို့ တိုင်ကြားခဲ့သည်။

ထို့နောက် ဇူလိူင်လ ၁၈ ရက်နေ့တွင် အလုပ်ရှင်က အလုပ်သမားများ စာရွက်စာတမ်းများသက်တမ်းတိုးရန်ပေးဆောင်ထားသည့် ၇၅ဝဝ ဘတ်မှ သွေးစစ်ခများဖြတ်တောက်ပြီး အလုပ်သမားတဦးလျှင် ၅၂၅ဝ ဘတ်နှုန်းဖြင့် အလုပ်သမား ၁‌ဝ၄ ဦးအတွက် ၅၄၆,ဝဝဝ ဘတ်ပြန်လည်ရရှိခဲ့ကြောင်း LRF မှသိရသည်။
ထို့အတူ ယနေ့ ဇူလိူင်လ ၂၃ ရက်နေ့တွင် အလုပ်သမား (၁ဝ၇) ဦး၏ လက်ကျန်လုပ်အားခ စုစုပေါင်း ၆၉၁,၇၁၉ ဘတ်ကို စဝါဒီကမ် (DLPW) ရုံးတွင် အလုပ်ရှင်ထံမှ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာအလုပ်သမားများရထိုက်သည့် ငွေကြေးအကျိုးခံစားခွင့် ၁,၂၃၇,၇၁၉ ဘတ် (၁.၂၃ သန်းကျော်) ပြန်လည်ရရှိထားပြီး ကျန်ရှိနေသည့် အလုပ်ထုတ်နစ်နာကြေး နှင့် ကြိုတင်မပြောခ (နို့တစ်ကြေး) များကို ထပ်မံရရှိစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း LRF ကထုတ်ပြန်သည်။

Photo – LRF

Migrant Times

Exit mobile version