မဲဆောက်မြို့မှာ ရေကြီးနေ

ဇူလိူင် ၂၃၊ Migrant Times
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် ဝီဖာမုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေတက်လာကာ ယနေ့ ဇူလိူင်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း ရပ်ကွက်များ ရေကြီးနေကြောင်း မြို့ခံများမှသိရသည်။
ရေကြီးမှုကြောင့် မဲဆောက်လျှပ်စစ်ရုံးရှေ့လမ်း ၊မဲဆောက်တရုတ်ဘုရားကျောင်းလမ်းနှင့် ဝပ်ချမ်ဖွန်ခရီဘုန်းကြီးကျောင်းနောက်ဘက်လမ်း အပါအဝင် လမ်းများစွာ ရေလွှမ်းမိုးခဲ့ပြီး တစ်ပေခွဲခန့် နီးပါး ရေမြင့်တက်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
မဲဆောက်မြို့တွင်းတွင် ယာဉ်ငယ်များ သွားလာရန် ခက်ခဲသောကြောင့် လမ်းအချို့ကို ယာယီပိတ်ထားကြောင်း မဲဆောက်မြို့နေ မြန်မာတစ်ဦးကပြောသည်။
မဲဆောက်ခရိုင် မယ်ပမြို့နယ်ခွဲနှင့် မယ်တောင်မြို့နယ်ခွဲတို့တွင်လည်း ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားပြီး လူနေအိမ်များ အတွင်း ရေလွှမ်းမိုးခဲ့ကာ မဲဆောက်ခရိုင်ရှိ အစိုးရဌာနအဖွဲ့ဝင်များက ရေဘေးကူညီနေကြောင်းသိရသည်။

ဝိဖာမုန်တိုင်းမှ အားလျော့သွားသည့် လေဖိအားနည်းရပ်ဝန်း နှင့် အနောက်တောင်မုတ်သုန်လေတို့၏ သက်ရောက်မှုကြောင့် ယနေ့ ဇူလိုင်လ ၂၃ ရက်မှ ၂၄ ရက်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးအလွန်သည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန-TMDက ယနေ့ ထုတ်ပြန်ထားသည်။
မဲဆောက်မြို့ တစ်ဖက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေတတ်ပြီး မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်နေသည်။
မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ်မီးသတ်စခန်းမှထုတ်ပြန်သည်။
Photo – MGR Online
မဲဆောက်မြို့ရေကြီးနေသည့်မြင်ကွင်း။